မူလတန်းကျောင်းသူအရွယ်မှာ မသွားချင်ဆုံးနေရာကိုပြပါဆိုရင်ဆံပင်ညှပ်ဆိုင်ကထိပ်ဆုံးနားမှာပါ၊ 


ကျွန်မတို့ဆံပင်လေးများ မဆိုစလောက်ရှည်စပြုလာပြီဆိုရင်ဖြင့် ပိတ်ရက်မှာမေမေက ဆံပင်ညှပ်ဆိုင်ကိုခေါ်သွားပါပြီ။

    

  အကြောင်းသိဖြစ်တဲ့ အမျိုးသားဆံပင်ညှပ်ဆရာကြီးကလည်းကျွန်မတို့ကိုမြင်တာနဲ့ ကပ်ကြေးကို ဆကာ ဆကာ ရွှိကနဲ ရွှိကနဲလုပ်ပြ၊ 


 ကျွန်မရဲ့စူပုပ်ပုပ်မျက်နှာကိုမသိကျိုးကျွံပြုနေတဲ့ မေမေကလည်းအသိမိတ်ဆွေတွေနဲ့ လှမ်းစကားစမြည်တွေပြောလိုက်သေး။

   

    ဆံပင်ညှပ်ဆိုင်ရဲ့ထိုင်ခုံတွေကလူကြီးတွေအတွက်ပဲမို့ထိုင်ခုံလက်တင်ပေါ်မှာ သစ်သားပြားတန်းထိုးပြီးဆံပင်ညှပ်ဆရာကြီးက ပြုံးပြုံးကြီး မျက်ခုံးပင့်ပြဝင်ထိုင် ပြင်ဆင်စေပြီးနောက်၊ 


   ကျွန်မရဲ့ချစ်မြတ်နိးလှစွာသောမရှည့်တရှည့်ဆံမွှေးကလေးများကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းပွဲကိုစတင်ပြုလုပ်ပါတော့တယ်။

    

    မျက်စိကိုစုံမှိတ်ထားပြီး "ခါချဥ်ကောင်မာန်ကြီးလို့တောင်ကြီးကိုဖြိုမယ်ကြံ ခါးကမသန်" ဖြစ်ရရှာတဲ့ ကျွန်မရဲ့ချစ်စရာ့ ဆံပင်လေးများအပေါ်ပိုင်းပြောင်သလင်းခါရုံမျှမက၊ 

     

     နိဂုံးချုပ်အနေနဲ့ သင်တုန်းဓားကြီးကို သားရေပတ်တွဲလောင်းမှာ တစ်ရွှမ်းရွှမ်း သွေးလို့နားထင်နဲ့ခေါင်းတစ်ဝက်လောက်ကို တစ်ရှပ်ရှပ်ရှင်းလင်းပြီးစီးသကာလ၊

    

      ......မျက်စိ ဖွင့်လိုက်တာနဲ့ မျက်ရည်စို့ပြီးနီရဲနေတဲ့ ဆံပင်တိုစိစိနဲ့ မျက်နှာမာကြောကြောပုံရိပ်တစ်ခုကို မှန်ရှေ့မှာဘွားကနဲတွေ့လိုက်ရ၊

 

  .......အဲ့ဒါအမေ့စိတ်ကြိုက် "စန္ဒာကေ" တဲ့လေ။.........

                                                               #DKMMK

Comments

Popular posts from this blog