ကျွန်မငယ်ငယ်လေးကတည်းကပွဲကြိုက်ခင်တစ်ယောက်ပါ၊ ကျွန်မတို့အိမ်နီးနားချင်းချစ်ခင်ရတဲ့ ညီအစ်မလေးတွေကလည်းဝါသနာတူတွေမို့ဇာတ်ပွဲများကြော်ငြာပြီဆိုအချင်းချင်းဆက်သွယ်ကြပါပြီ၊

          ကျွန်မတို့အမေများကလည်းကျွန်မတို့ကဲ့သို့ ခေတ်မမှီခဲ့ကြရှာတော့ အင်မတန်စိုးရိမ်တော်မူခဲ့ကြတော့ ငြိုငြင်ကြပါတယ်၊ ကျွန်မတို့ကလည်းမရမက တိုက်ပွဲဝင်ကြတော့ဇာတ်ရုံနား ပွဲမကခင်မုန့်စားခွင့်ရပါပြီ၊ တင်းကြပ်သောစည်းကမ်းချက်များကိုလည်းအမေအသီးသီးကချမှတ်လိုက်ကြပါသေးတယ်၊

          ကျွန်မတို့ကလည်း သွားခွင့်ရဖို့အရေးအတွက် အမေတွေတောင်းဆိုချက် မှန်သမျှကို ကတိပြုခဲ့ကြပြီးပျော်ရွှင်စွာဇာတ်ရုံဆီသို့ချီတက်ခဲ့ကြ.........

           ပျားပန်းခတ်လူတွေကြားမှာကျွန်မတို့တွေလက်တွေချိတ်ဆက်ရင်းပျော်ရွှင်စွာပေါ့၊.....ဧည့်ခံဆိုင်းဝိုင်းနဲ့

ဒုံချပ်ချပ်တီးဝိုင်းရဲ့ဆွဲဆောင်မူမှာ ကျွန်မတို့ပွဲကြည့်ဖို့ဆုံးဖြတ်ကြပါတယ်၊

            စတိတ်ရှိုးပြီးရင်ပြန်မယ်ပေါ့၊ စတိတ်ရှိုးပြီးတော့လည်း...ပြဇာတ်ကောင်းမယ့်ပုံမို့ကြည့်ရအောင်ပေါ့၊........

ပြဇာတ်ပြီးတော့လည်း ငါတို့တွေပဲပြန်ရမှာကြောက်တယ်...မထူးဘူး၊မိုးလင်းထိနေမယ်လို့ညီညာကြပြန်ရော၊

မိုးလင်းလို့ ပွဲကြည့်ခင်တစ်သိုက် အိမ်အပြန်မှာအမေတွေအပေါက်ဝက "တုတ်ကောက်လာခဲ့" ဆိုတဲ့အသံတွေကိုယ်စီနဲ့ ရင်ဆိုင်ခဲ့ကြရတာပေါ့...၊

              ခုနေကိုယ့်ဘဝကိုယ်စီမံခွင့်ရနေချိန်မှာ အဲ့ဒီတုန်းကအမေတွေနဲ့ ကိုယ်တွေရဲ့ ပဋိပက္ခအာခံမူဇာတ်လမ်းတွေပြန်တွေးရင်လည်း......စိတ်ကိုနုပျိုသွားစေပြန်ပါရောလေ......။

                                                           #DKMMK

Comments

Popular posts from this blog