ဒီလိုဆောင်းဦးလေးများပေါက်ရင် ကျွန်မတို့ဒေသတစ်လွှားမှာအလှူပွဲတွေတန်းစီနေခဲ့ကြတာကိုသတိရပါတယ်။ 


ကျွန်မတို့ဆွေမျိုးနီးဝေး အလှူမှန်သမျှမှာ အလှူထမင်းဟင်းချက်ပေးတဲ့အဖွဲ့တွေထဲ ကျွန်မရဲ့မေမေ(မေမေ့အမကိုလည်းမေမေလို့ခေါ်တာပါ) ကအဖွဲ့ဝင်ပါ။


ကျွန်မတို့ငယ်ငယ်ကတည်းကအလှူပွဲအကြိုထမင်းဟင်းချက်ဖို့ မေမေသွားရင်ကျွန်မကတွဲလောင်းတွဲလောင်းလိုက်ပါတတ်သူပါ။


ထမင်းဟင်းချက်သူတွေရဲ့ မနီးမဝေးခုံလေးမှာထိုင်ပြီး အလှူထမင်းဟင်းချက်နေကြပုံ၊ အပျိုလူပျိုတွေပျော်ပျော်ရွှင်ရွှင် ရေသယ်၊ဝိုင်းကူနေကြပုံ တွေကြည့်ရင်း ပီတိတွေဖြစ်။ 


ပီတိကိုစားအားရှိပြီးမကြာခင်မှာဝိုင်းကူတဲ့လူတွေကိုကျွေးမွေးဖို့ ဆီထမင်းနံ့၊လက်ဖက်ရည်အိုးကြီးဖျော်နံ့၊ အုန်းသီးခြစ်သံနဲ့ အုန်းသီးဖွေးဖွေးနံ့ ၊နှမ်းနက်လှော်ထောင်းမွှေးကြိုင်နံ့သင်းပျံ့စွာနဲ့ကျွန်မမျှော်လင့်စောင့်စားနေတဲ့အချိန်ရောက်ရှိလာပါပြီ၊


အမေကဲ့သို့ ချစ်ခင်တဲ့ဒေါ်လေးမကျန်တင်က ဆီထမင်းအပြည့်၊ လဖက်ရည်ခွက်ကြီးနဲ့ ကျွန်ရှေ့ယူလာပါတယ်၊

ဒီယုန်မြင်လို့ဒီချုံ ထွင်ပြီးလိုက်လာတဲ့ကျွန်မအဖို့အကောင်းဆုံးညလယ်စာပါ၊

    

 ကျွန်မရမ်းဗြဲမှာ ကျောင်းနေတုန်းကလည်းပိတ်ရက်ရှည်တွေတိုင်းမှီတဲ့စက်လှေနဲ့ပြန်ပြေးရခြင်းမှာ ဒီလိုအလှူတွေရဲ့ညလယ်စာ ဆီထမင်း၊လက်ဖက်ရည်သုံးဆောင်ဖို့ကလည်း အကြောင်းတစ်ရပ်အနေနဲ့ပါဝင်ခဲ့ပါတယ်၊ ခုတော့လည်း ဇာတိမြေက ကျွန်မကိုချစ်ခင်ခဲ့သူတချို့ကွယ်လွန်ခဲ့ကြရှာပါပြီ။

     

  ကိုယ့်လက်ရာ ဆီထမင်းနဲ့လက်ဖက်ရည်ကတော့ကောင်းကောင်းမကောင်းကောင်း တစ်ခါတစ်လေ.......... အလွမ်းပြေပေါ့........။

                                                          #DKMMK

Comments

Popular posts from this blog