ပျံပါ~

ပျံစမ်း

အဝေးကြီးကို ပျံ

အမြင့်ဆုံးကို ပျံ

အမြန်ဆုံးသာ ပျံ

တစ်ကောင်တည်းလဲ ပျံ

ဘာ့ကြောင့်ဆိုတော့~

မင်းဟာ

ယောနသံ •

ယောနသ


ယောနသံ

ပျံသန်းခြင်းအတတ်ပေါင်းစုံအတွက်

ငါ့အသိုက်အမြုံနဲ့ ရင်းနှီးခဲ့တယ်

ရဲ့ရင့်ခြင်းရဲ့ မမြင်နိုင်တဲ့စွမ်းအားတွေအပြင်

ပျံရင်းသေမဲ့နေ့သစ်တွေရှိမယ်

ကိုးကွယ်ဆည်းကပ်မှု့နည်းနာမှာ

ငါဟာ အတောင်ပံတစ်စုံပဲပိုင်တယ်

လေဟာနယ်ထဲမှာတောငါ့အတွက်

ထွက်ပေါက်တွေ ပိတ်မထားဘူး

အားအင်အသစ်တွေ တနံတလျားရွေ့လျှားပြီး

လိုချင်တာကိုရသလောက်ရှာကြည့်တယ်

ရေထဲကငါးတွေ အလုအယက်စားသောက်ကြရုံနဲ့

ငါ့ကိုယ်ငါ ဇင်ယော်အမျိုးလို့ ပြောမထွက်ဘူး

ကောင်းကင်ကြီးရဲ့ ဟိုးအစွန်းထိ

ဇင်ယော်အမျိုးတွေ မပျံလိုက်ရမှာကိုငါစိုးတယ်

နိမ့်တစ်ခါ မြင့်တစ်လှည့် လေအဝေ့မှာ

အတောင်တွေ ညောင်းလာရင် ခဏနားတယ်

အားစိုက်လို့ လေထုကိုထိုးခွဲထွက်

ဒီလက်မတင်လေး

ပြိုးပြိုးပျက်ပျက် ဇင်ယော်ငှက်တစ်ကောင်

ယောနသံ လို့အမည်တွင်ခဲ့တယ်။ ။

  Zaw Zaw (မန္တလေးစာကြည့်တိုက်)

#ယောနသံဇင်ယော်

~~~~~~~~~~~

.

ကမ္ဘာ့ဘာသာပေါင်းများစွာသို့့အကြိမ်ကြိမ် ဘာသာပြန်ဆိုခဲ့ရသည့် စာအုပ်ဖြစ်တဲ့

Jonathan Livingston Seagull ဆိုတဲ့စာအုပ်ကို

ဆရာကြီး ဦးဘသန်း( ဓမ္မိက) က မြန်မာပြန်ဆိုထားခြင်းဖြစ်ပါတယ်။


ဒီစာအုပ်ဟာထူးခြားခြင်း ( ၆ ) ရပ်နဲ့ပြည့်စုံတဲ့ စာအုပ်လို့အဆိုရှိပါတယ် ။


အပိုင်း (၁)

#ငှက်လောကကိုစွန့်ခွာခြင်း

----------


အချိန်သည်ကား နံနက်ခင်း။ သစ်လွင်သော နေမင်းသည် သိမ်မွေ့လှသော ပင်လယ်ပြင်၏ အိရရိလှိုင်း ငယ်များ ကို ရွှေအဆင်းတလက်လက်ဖြင့် ပြိုးပြက်တင့်လျှမ်းနေစေ၏။ ကမ်းခြေမှ တစ်မိုင်အကွာတွင် တံငါလှေ တစ်စင်း သည် ပင်လယ်ရေကို ဖက်နမ်းမွှေ့ယမ်းလျက်ရှိ၏။ ငှက်ဇင်ယော် အပေါင်းအဖို့ နံနက်စာ သစ်စည် ရိုက်သံသည် လေထုကို ဖြတ်ကျော်လာ၍ အကောင် တထောင်ကျော် ပါရှိသော ပင်လယ်ဇင်ယော် ငှက် တစ်အုပ် သည် ပေါ်လာ ပြီး အစာများကို သူ့ထက်ငါ တိုးဝှေ့ လုယက်နေ ကြကုန်၏။ ဇင်ယော်များအဖို့ ပျားပန်း ခပ်မျှ အလုပ် များသော နေ့တနေ့၏ အစပေတည်း။


သို့သော်လည်း ယောနသံဇင်ယော်မူကား လှေနှင့်လည်းမနီး ကမ်းနှင့်လည်းဝေးကွာသော နေရာတွင် သူချည်း တကောင်ထည်းတည်း အပျံလေ့ကျင့်နေလေ၏။ ပေတရာ အမြင့်ကောင်းကင်တွင် သူ့ ခြေထောက် များကို အောက် သို့ချ၍ နှုတ်သီးကိုမော့ကာ တောင်ပံများကို ကိုင်းညွှတ် လာအောင် ပြုလျက် ခက်ခဲနာကျင်စွာဖြင့် အပျံ လေ့ကျင့်နေ၏။ တောင်ပံများကို ကိုင်းညွှတ်လာအောင် ပြုလုပ်ခြင်း သည် အပျံနှေးခြင်းငှာ စွမ်းနိုင်လေ သည်။ သူ့မျက်နှာကို လေပြေလေညှင်း သာသာကလေး တိုးကာမျှ သာ ဖြစ်သည့်တိုင် အောင်လည်းကောင်း၊ ပင်လယ် သည် သူ့အောက်တည့်တည့်၌ တန့် ရပ်နေဟန် ရှိလာသည့် တိုင်အောင်လည်းကောင်း သူသည် အရှိန်ကို လျှော့ ၍ လျှော့၍ ချနေ၏။ သူသည် မျက်စိ များ ကို မှေးကာ ကြောက်ဖွယ်လိလိ စူးစူးစိုက်စိုက် ကြည့့်လျက် အသက် အောင့်၍ တောင်ပံများ ကို တလက် . . . မ . . . မျှ ပို၍ ကိုင်းညွှတ်လိုက်သည်။ ထိုအခါ သူ့အမွှေးများသည် ထောင်ကြွ လာပြီး လျှင် သူသည် ရုပ်သေးကြိုးပြတ် ဘုံးဘုံးကြီး အောက်သို့ ကျလေ၏။ ပင်လယ် ဇင်ယော် တို့ ဟူသည် အပျံတွင် မည်သည့်အခါမျှ တိမ်းယိုင်ခြင်းလည်း မရှိရိုးအမှန်။ ဘယ်သော အခါမျှ တလိမ့်ခေါက်ကွေး ကျခြင်းလည်း မရှိရိုးအမှန်။ ပင်လယ်ဇင်ယော်တို့ အဖို့ ဤသို့ ဖြစ်ရခြင်း သည် ရှက်ဖွယ်လိလိဖြစ်၍ ဂုဏ်သိက္ခာ လည်း ကျဘိ၏။


သို့သော်လည်း ယောနသံဇင်ယော်သည် ကလေကဝ ပေါက်ကရ ငှက်ပြိန်း တကောင်မဟုတ်။ မရှက် မကြောက် ဘဲ တောင်ပံများကို ထပ်မံ၍ ဖြန့်ကာ၊ ထပ်မံ၍ တုန်တုန်ခါခါ ခက်ခက်ခဲခဲ ကိုင်းညွှတ် ကာသာ အရှိန်အဟုန် လျှော့ရာလျှော့ရာမှ အတောင်များလေခို၍ တဖန်ကျပြန်သော်လည်း အရှုံး မပေးဘဲ တဖန် အားသစ် လေ့ရှိသော ငှက်စွမ်းကောင်းပေတည်း။ ပင်လယ်ဇင်ယော် အမြောက် အမြားသည် ကမ်းခြေမှ သည် အစာရှိရာသို့ အစာရှိမှ သည် ကမ်းခြေသို့ သမရိုးကျ အတိုင်းသာ ပျံတတ်ကြ၏။ ထို့ထက်ပို၍ အပျံ တတ်အောင် ဂရုမမူကြ။ ငှက်ဇင်ယော် အများစုအဖို့ ပျံသန်းမှုသည် အရေးကြီးသောကိစ္စ မဟုတ်။ သူတို့ အဖို့ အစာစားမှု သာလျှင် အရေးကြီး၏။ ယောနသံ ဇင်ယော် အဖို့မူ အစာက ကိစ္စမကြီးလှ၊ အပျံသာလျှင် ကိစ္စကြီးဖြစ်၏။ ပျံသန်းခြင်း အတတ်ပညာ ကိုသာလျှင် အရာရာထက်သူ ပို မြတ်နိုး၏။


ဤအတွေးအခေါ် အယူအဆသည် သူ့အား အခြားဇင်ယော်များနှင့် ခပ်တန်းတန်း ဖြစ်စေ၏။ သူ့အဖို့မူ အသိဉာဏ် တမျိုးထက်တစ်မျိုး တိုးလာ၏။ ဘာကြောင့် ဟူ၍မူ သူမသိ။ ရေပြင်အထက် သူ့တောင်ပံ တစ်ဖက် စာမျှပင် မရှိလှသော အမြင့်မျိုး၌ သူပျံလေလျှင် သူသည် လေထဲ၌အားသိပ်မစိုက်ရပဲ ပို၍ ကြာကြာနေနိုင်၏။ အခြားဇင်ယော်များ လုပ်နေကျအတိုင်း ခြေစုံချ၍ ရေပြင်သို့ ဆင်းသက်ခြင်းမျိုး ကိုလည်း သူပြုလေ့ပြုထမရှိ။ ခြေစုံကို ကိုယ်နှင့် တပြေးတညီတည်းဖြစ်အောင် နောက်သို့ ပစ်ကပ် လျက်သာ ရေပြင်သို့ သူလျှောဆင်း လေ့ရှိ၏။ ကမ်းခြေသို့ အကပ်တွင်လည်း သူသည် ဤနည်း နှင်နှင် ခြေများကို တွဲလောင်းမချဘဲ လျှောဆင်း၏။ ခြေထောက်၍ မှီသောနေရာမှစ၍ ကုန်းဘက်သို့လည်း သဲပြင်ပေါ် တွင် တလှမ်းခြင်း လျှောက်လာလေ့ရှိ၏။ ဤဇင်ယော် မဆန်သော အကျင့်မျိုးကို မြင်ကြ ရသော သူ့မိဘများ သည် သူ့အပေါ် အကြီးအကျယ် အမှန်ပင် စိတ်ပျက်ကြ၏။


သူ့မိခင်က သူ့အား ဤသို့မေး၏။ "ဘာဖြစ်လို့ ယောရယ်။ ဒီအုပ်ထဲက မိရိုးဖလာ တခြားငှက်တွေလို ဇင်ချင်းမျှမျှ ယော်ချင်းတူတူ ဖြစ်လာအောင်လုပ်ဖို့ မင်းအတွက် ဘောက်မယ့်ကြောင့် ခက်နေရ တာ တုံး။ မင်းဟာ ပယ်လီကင် ငှက် အယ်လ်ဗက်စထရော့စ် ငှက်များကို ဘောက်မယ့်ကြောင့် တုတုပြီး အနိမ့်ပျံ ကျင့်ကျင့်နေရ တာတုံး။ ဘောက်မယ့်ကြောင့် အစားကိုလဲ မစားတော့တာလဲ ယောနသံ ရယ်... မင်းဟာ အရိုးနဲ့ အမွှေးချည်း လျှပ်လျှပ်သာ ရှိတော့တယ်။"


"အရိုးနဲ့ အမွှေးချည်းပဲ ရှိတော့တာကို ကျနော်မမှုပါဘူး မေမေရယ်။ ကျနော်လဲ လေထဲမှာ ဘာကို လုပ်နိုင်ပြီး ဘာကို မလုပ်နိုင်သလဲ ဆိုတာကို သိချင်နေတာပါပဲ။ တခြားမဟုတ်ပါဘူး။ ဒါပါပဲ။ ကျနော် သိချင်နေလို့ပါ။" သူ့ဖခင်ကလည်း သူ့အား သနားသောအားဖြင့် ဤသို့ဆို၏။ "ဆောင်းဥတုလဲ မဝေး တော့ဘူး။ လှေတွေ လဲ အလာနည်းတော့မယ်။ ရေပြင်က ငါးတွေလဲ ရေနက်ထဲ ပြောင်းကူး ကြတော့ မယ်။ မင်းဟာ အတတ် တခုခုကို လေ့လာမှဖြစ်မယ်ဆိုယင် အစားအတတ်နဲ့ အစား ရဖို့ အတတ် ကိုသာ လေ့လာစမ်းပါ။ ဒီအပျံ အလုပ်ဟာ ကောင်းတော့ ကောင်းပေမယ်လို့ လေဟုန်စီးတဲ့ အလုပ်မျိုး ဆိုတာ စားရတာ မျိုးမှ မဟုတ်ပဲ။ မင်းလဲ သိသားပဲ မဟုတ်လား။ မင်းပျံရတဲ့ အကြောင်းရင်း ဟာ အစားစားမှု အတွက် ဖြစ်တယ်ဆိုတာ မင်းမမေ့စမ်းပါနဲ့။"


ယောနသံသည် ဤဆုံးမချက်ကို လက်ခံသော အမူအရာဖြင့် ရိုကျိုးစွာ ခေါင်းညိတ်၏။ နောက် ရက် အနည်းငယ် ခန့်တွင် သူသည် အခြားဇင်ယော်များနည်းတူ နေထိုင်ပြုကျင့်ရန် ကြိုးစားတော့၏။ တံငါ လှေများ တဝိုက်တွင် ပေါင်မုံ့ အပိုင်းအစ များကို ထိုးသုတ် ကာ နေ၏။ သို့သော်လည်း သူသည် ဤ အလုပ်မျိုးကို ဆက်၍ လုပ် မနေနိုင်။ အဓိပ္ပာယ် မရှိသည့် အလုပ်မျိုးဟု သူထင် မိသည်။ ဘယ့်နှယ့်ဗျား။ ဇင်ယော်အို အငတ်ကြီး တကောင် က သူ့ကို လိုက်ထိုးလို့ သူအလုအယက် ကြိုးစားရယူထားတဲ့ ငါး အငယ်ကလေး တစ်ကောင်ကို တမင် တကာ ချပေးလိုက်ရတယ် မဟုတ်လား။ ဒီအစား အတွက် ကုန် ရတဲ့ အချိန်တွေကို အပျံလေ့ကျင့်ခြင်း ဖြင့်သာ ကုန်လွန်စေဖို့ ကောင်းတာ။ လေ့လာစရာ သင်ယူ စရာ နိဿယည်းတွေကလဲ အများကြီး တောင်မှပဲ။


များမကြာမီ ယောနသံဇင်ယော်သည် ပင်လယ်ထဲ၌ သူတစ်ကောင်ထဲ ဖြစ်နေပြန်၏။ ဆာလောင် လျက် ပျော်ရွှင်လျက် အပျံပြန်၍ လေ့ကျင့်လျက်ရှိ၏။ သူလေ့ကျင့် သင်ယူနေသည်ကား လျင်မြန်မှု ဖြစ်၏။ ရက် သတ္တပတ် တစ်ပတ် ခန့်မျှသာ လေ့ကျင့်ပြီး သေး၏။ သို့လောက် ကျင့်ကာမျှပင် သူသည် အလျင်မြန်ဆုံးဟူသော ဇင်ယော်ထက်ပင် လျင်မြန်ခြင်း အကြောင်းကို ပို၍ သိရှိ တတ်ကျွမ်းလာ၏။ ပေတစ်ထောင်အမြင့် အာကာယံ တွင် သူသည် သူ၏ တောင်ပံများကို အစွမ်းကုန် ရိုက်ခတ်လျက် အရှိန်ယူ ပြီးနောက် ထိုအရှိန်အဟုန် ဖြင့် ရုတ်ခြည်း ဇောက်ထိုးပြုကာ တည့်တည့် မတ်မတ်ကြီး အောက်ရှိ ပင်လယ်လှိုင်းများဆီသို့ မီးပွင့်လုမတတ် စိုက်ထိုး ဆင်းသက်၏။ ဤသို့ စိုက်ထိုး ဆင်းသက် မှု မှာ ဇင်ယော်ငှက်များအဖို့ အလွန့်အလွန် ခဲယဉ်းသော အလုပ်မျိုး ဖြစ်ကြောင်း ကို သူသည် ဤ တစ်ကြိမ် မျှဖြင့် သိ၏။ ခြောက်စက္ကန့် ကာလအတွင်းပင် သူသည် တစ်နာရီ လျှင် မိုင် (၇၀) နှုန်းဖြင့် လှုပ်ရှား နေ၏။ ဤနှုန်းသို့ ရောက်လျှင် ငှက်များအဖို့ စိုက်ထိုး ကျဆင်း နေရာမှ အပေါ်သို့ ပြန်၍ ကော့ တက်နိုင်အောင် တောင်ပံများ အနေအထားကို အပြောင်းရ အထိန်းရ အလွန်ပင် ခက်ခဲ၏။


သူသည် အကြိမ်ကြိမ် ဤသို့ ဖြစ်၏။ မည်သို့ပင် သတိထားသော်ငြားလည်း၊ မည်သို့ပင် အစွမ်းကုန် အားသစ် သော်ငြား လည်း အမြန်နှုန်း ကြီးလာတိုင်း ကြီးလာတိုင်း ဤနည်း နှင်နှင်ပင် သူ့ ကိုယ်သူ မထိန်းနိုင် ဖြစ်၏။ ပေတစ်ထောင်အမြင့် အကာဗွေသို့ သူတက်ပြီးလျှင် ရှေးဦးစွာ ရှေ့တည့်တည့် အားကုန် ပျံ၏။ ထို့နောက် အောက် သို့ စောက်ထိုးထောင်လိုက်ကြီး စိုက်ချလိုက်၏။ ပြန်၍ ကော့တက် ရာတွင် သူ၏ လက်ဝဲဘက် အတောင်ပံ သည် လေခိုသွား၍ သူသည် လက်ဝဲဘက်ဆီသို့ အရှိန်ပြင်းစွာ ဖြင့် လူးလိမ့် သွား၏။ သူ၏ လက်ယာဘက် တောင်ပံဖြင့် ပြန်၍ထိန်းလိုက်ရာတွင် ထိုတောင်ပံလည်း လေခိုသွား ပြန်သဖြင့် သူသည် လက်ယာဘက် ဆီသို့ ဂျင်ကဲ့သို့ ပတ်ချာလည်လျက် တလိမ့် ခေါက် ကွေး ကျပြန် ၏။


ဤတစ်ကြိမ် ပြန်အတက် တွင်လည်း သူသတိလစ်သွားပြန်၏။ ဆယ်ကြိမ်မြောက်အထိ သူကြိုးစား ပြန်၏။ ထိုဆယ်ကြိမ်စလုံး တွင်ပင် တစ်နာရီလျှင် မိုင် (၇၀) နှုန်းသို့ ရောက်ရှိသောအခါတိုင်း အခါတိုင်း သူသည် အမွှေးများ တဖွားဖွားဖြင့် ထိန်းမနိုင် သိမ်းမရဖြစ်ကာ ပင်လယ်ရေထဲသို့ ဝုန်းကနဲ ခွေးကျ ကျ၏။ သူသည် ရွှဲရွှဲစိုနေသော ရေဝတ်လုံကြီးဖြင့် နောက်ဆုံးတွင် ဤသို့ ထင်မိ၏။ ဤအခက်၏ သော့ချက် သည် အမြန်နှုန်းကြီး လာသောအခါ တောင်ပံများကို မလှုပ်နိုင်အောင် ထိန်းထားနိုင်ခြင်း ဖြစ်လိမ့်မည်။ တောင်ပံများကို အကြိမ် ငါးဆယ်အထိ ရိုက်လျှင် ဖြစ်နိုင်လိမ့်မည် ဟုတွေးကာ ပေနှစ်ထောင်အမြင့် ဗလာဗွေသို့ တက်၍ ကြိုးစားပြန်၏။ အောက်သို့ စိုက်ချပြန်၏။ နှုတ်သီးကို အောက် စိုက်လျက် တောင်ပံ များကို အကုန်ဖြန့်လျက် တစ်နာရီလျှင် မိုင်ငါးဆယ်နှုန်းကို ကျော်သည့် အခါမှ စ၍ သူ့ကိုယ်သူ ထိန်းထားနိုင်၏။ အလွန့်အလွန် အားထုတ်ရလေ၏။ ဤတစ်ကြိမ်၌မူ သူ အောင်မြင်၏။ ဆယ်စက္ကန့် ကာလအတွင်း သူသည် တစ်နာရီလျှင် မိုင်ကိုးဆယ်နှုန်း သို့ ရောက်ရှိ လေ၏။ ယောနသံဇင်ယော်သည် ဇင်ယော်များအဖို့ ကမ္ဘာ့အလျင်နှုန်း စံချိန်သစ် တင်လိုက်ပေပြီ။ သို့သော် ဤအောင်မြင်ခြင်းသည် ခဏတာမျှသာ ကြာ၏။ စိုက်ဆင်းနေရာမှ ပြန်၍ မတ်လိုက်ပြီးလျှင် သူ့တောင်ပံ များ၏ ထောင့်ချိုးကို ပြင်လိုက်သည့် အခြားမဲ့၌ ယခင်အကြိမ် များအတိုင်း ထိန်းမနိုင် သိမ်းမရ မရှုမလှ ဖြစ်ရ ပြန်၏။ တစ်နာရီလျှင် မိုင်ကိုးဆယ်နှုန်းသို့ ရောက်လေသော် လေထုသည် သူ့အား မီးပွင့်သည့် အလား ထိခိုက် လာ၏။ ယောနသံ ဇင်ယော်သည် လေထဲတွင် ပေါက်ကွဲကာ ပင်လယ်ပြင် အုတ်ခင်းပေါ်သို့ ဝုန်းကနဲ ကျရချေ၏။


သူသတိ ပြန်ရလာသောအခါ နေရောင်ပျောက်ကွယ်သွားခဲ့သည်မှာ ကြာလှပေပြီ။ ပင်လယ်ပြင်ဝယ် လရောင် ထဲ၌ မျောနေ၏။ သူ့တောင်ပံများသည် နှုတ်ခမ်းနားများ စုတ်ပြတ်နေသော ခဲချောင်းများ သဖွယ် လေးလံလာ၏။ ထိုတောင်ပံများထက်ပင် ပို၍လေးသော အလေးချိန် မျိုးဖြင့် ဆုံးရှုံးမှုသည် သူ့ကြောပြင်ပေါ်ဝယ် ပိုဖိ တွန်းချ လျှက်ရှိ၏။ ထိုအလေးချိန်က သူ့အား ပင်လယ်အောက်ခြေသို့ ဆိုက်ရောက်အောင် ဆွဲချသွားနိုင်ပါစေ ဟူ၍ပင် မာန်လျှော့ကာ ဆန္ဒပြုမိ၏။ ဒါမှသာ ကိစ္စငြိမ်းပေ လိမ့်မည်။


ရေထဲသို့ နစ်မြုပ်သွားစဉ် သူ့အတွင်း သန္တာန်ထဲ၌ ထူးဆန်း၍ လှိုဏ်သံပါသော အသံေဩာကြီးတစ်ခုကို ကြားရ၏။ "ဝေ့လည်ကြောင်ပတ် လုပ်နေလို့ ဘယ်ရပါ့မလဲကွာ။ ငါဟာ ဇင်ယော်တစ်ကောင်ပဲ။ ငါ့ သဘာဝ ကို လွန်ဆန်လို့ ဘယ်ရမလဲ။ ပျံသန်းခြင်းအတတ်ကို ဒီလောက်တောင် ငါတတ်ကျွမ်း ရမယ် ဆိုရင် ငါ့ခေါင်းထဲ ဦးနှောက်တွေအစား လေကြောင်း အတတ် ပုံစံချပ်တွေသာ ရှိရမှာပေါ့။ ငါဒီလောက် တောင် မြန်မြန်ကြီး ပျံနိုင် ရမယ်ဆိုရင် ငါ့မှာ သိမ်းငှက်များလို အတောင်များ တိုနေရမှာပေါ့။ ငါးကို မစားဘဲ ကြွက်ကိုသာ စားနေရ မှာပေါ့။ ငါ့အဖေ ပြောတာမှန်တယ်။ ဒီမိုက်တွင်း နက်မှုကို ငါမေ့ပစ် ရမယ်။ တခြားဇင်ယော်များရှိတဲ့ ငါ့ငှက်အုပ် ရှိရာကို ငါပြန်သွားရမယ်။ ရိုးရိုးသာမန် ဇင်ယော် တစ်ကောင် အဖြစ်နဲ့ပဲ ငါရောင့်ရဲ နေနိုင်ရမယ်။" ထိုအသံသည် တဖြည်းဖြည်း ပျောက်ကွယ် လေ၏။ ထိုအခိုက် မှစ၍ ယောနသံသည် သာမန်ဇင်ယော် တစ်ကောင်အဖြစ်နှင့် သာ နေတော့မည်ဟု အဓိဋ္ဌာန် ပြုလိုက်၏။ သူ့မိဘများနှင့် သူ့အဖော်အားလုံးတို့လည်း သူ့ ပြောင်းလဲလာမှုကို ကျေနပ် ကြပြီးလျှင် စိတ်နှလုံး ပို၍ ချမ်းမြေ့ကြလိမ့်မည်။ သူသည် နုံးချိချိဖြင့် မှောင်မဲနေသော ရေပြင် အပေါ်သို့ ပျံတက် ၏။ သူတတ်ပြီး သားဖြစ်သည့် သိပ်အားမစိုက်ရသော အနိမ့်ပျံနည်း အတတ်ကို သူပြန်၍ ကျေးဇူးတင် မိသည်။ အနိမ့်ပျံ ပျံနေမိလျက်သား ဖြစ်နေသည်ကို သူသတိရ၍ ဒီလို ဘယ်ဟုတ် မလဲ၊ ငါဟာ အရင် တုန်းက ငါမှ မဟုတ် တော့ဘဲ။ အရင်တုန်းက တတ်ခဲ့ဖူးသမျှကို ငါဟာ မကျင့်သုံး ရတော့ ဘူး၊ တခြား ဇင်ယော် တွေနဲ့ ငါဟာ တူတူဘဲ မဟုတ်လား၊ တခြား ဇင်ယော်တွေလိုပဲ ငါပျံရမယ်။ ထို့ကြောင့် သူ သည် ပေတစ်ရာ အမြင့်သို့ ပျံတက်ပြီးလျှင် ကမ်းဘက် ဆီသို့ တွင်တွင်ကြီး ဝေဟင် ခရီးနှင်လေ၏။


ငှက်အုပ်ထဲမှ ရိုးရိုးငှက်တစ်ကောင် အဖြစ်နှင့်သာ နေတော့မည်ဟု စိတ်ပိုင်းဖြစ်ပြီးမှ သူ့မှာ နေသာ ထိုင်သာ ဖြစ်သွား၏။ သူ့ကို အတတ်ဆန်း တတ်စေချင်လို့ အပျံဆန်း အသန်းဆန်း လုပ်ခိုင်းခဲ့သည့် ဆန္ဒကြီးနှင့် သူသည် ယခု အဆက်ပြတ်လေပြီ။ ယခုလို လုံးလုံးလက်လျှော့လိုက်မှ အရှုံးဟူသည် လည်း မရှိတော့။ ဘာကိုမျှ မစဉ်းစားပဲ ကမ်းခြေပေါ်ရှိ မီးရောင်များ ရှိရာဆီသို့ မှောင်ကြီးထဲ ပျံသန်း နေရသည်မှာ လှလိုက်လေခြင်း။ "ပင်လယ်ဇင်ယော်များဆိုတာ ဘယ်တော့မှ မှောင်ကြီး မဲကြီးထဲ မပျံဘူးကွ။" ဤသို့ အော်လိုက်သော အသံမောင်း ကြီးသည် မိုးချုန်းလိုက်သကဲ့သို့ ထိန်လန့်ဖွယ်ရာ သူ၏ သန္တာန်တွင်း မြည်ဟိန်း သွား၏။ ယောနသံ သည် ထိုအသံကို နားစွင့်လိုက်ရန် သတိမရှိ။ ကြည့်ရ မြင်ရ သည်မှာ လှလိုက်ပလေ ဟုသာ သူတွေးနေ၏။ ရေပေါ်တွင် ထင်ဟပ် နေသော လရောင် နှင့် မီးရောင် များသည် သူ့အဖို့ ညကာလအတွင်း ထိုးပြလျက်ရှိသော လမ်းပြ မီးတန်း ကလေး များ သဖွယ် စီရရီ ရှိဘိ၏။ တိတ်ဆိတ်၍ သာတောင့်သာယာ ရှိလှ၏။ "အောက်ကို ဆင်းပျံကွ။ ဇင်ယော်မျိုး ဆိုတာ ဘယ်တော့မှ မှောင်ကြီး မဲကြီးထဲမှာ မပျံဘူးကွ။ မင်းသာ မှောင်ကြီးထဲ ပျံရမည့် ငှက်မျိုး ဖြစ်နေရင် မင်းမှာ ဇီးကွက်မျက်စိတွေ ရှိရမှာပေါ့။ မင်းရဲ့ ခေါင်းထဲမှာ ဦးနှောက်အစား လေကြောင်း အတတ် ပုံစံချပ်တွေသာ ရှိရမှာပေါ့၊ မင်းဟာ သိမ်းငှက်လို အတောင်တို ရမှာပေါ့။"


ပေတစ်ရာအမြင့် ညဥ့်အမှောင်ထဲတွင် ယောနသံသည် ကျီတိကြောင်တောင် ဖြစ်သွား၏။ သူ၏ ဝေဒနာ များနှင့် အဓိဋ္ဌာန်များသည် ပျောက်ကွယ်ကုန်၏။ "အတောင်တိုများ၊ သိမ်းငှက်၏ အတောင် တိုများ။ ဒါဟာငါရှာနေတဲ့ အဖြေပေါ့။ ငှက်အနှယ်! မလိမ်မိုး မလိမ္မာ ဖြစ်လိုက်လေခြင်းဟယ်၊ ငါ့မှာ အခု လိုအပ်နေတာက အတောင် တိုတိုကလေးပဲ၊ ငါလုပ်ရမှာက ငါ့အတောင်များကို တိုအောင် ကျုံ့ထားပြီး အတောင်ဖျားကလေးတွေနဲ့သာ ပျံဖို့ဟာပဲ၊ အတောင်တိုများ။ ဟုတ်ပြီ" သူသည် မဲနက်သော ပင်လယ် ထက်ဝယ် ပေနှစ်ထောင် မြင့်အောင် ပျံတက်ပြီး ဖြစ်မဖြစ်ကိုလည်း သူမတွေး၊ သေဘေးကိုလည်း သူမငဲ့ ပဲ တောင်ပံများ၏ ရှေ့ပိုင်းများကို သူ့ကိုယ်လုံး ၌ တင်းကြပ်စွာ ကျုံ့ကပ်၍ တောင်ပံများ၏ ဓားမြှောင် ပုံရှိ အစွန်းဖျားများကို လေထဲတွင် ဖြန့်လျက် အောက်သို့ ဇောက်ထိုးဆင်းလေ၏။ လေသည် သူ့ဦးခေါင်းအား ဘီလူး သဘက်သဖွယ် မြည်ဟီးတိုက်ခတ်၏။ တစ်နာရီလျှင် မိုင် (၇၀)၊ မိုင် (၉၀)၊ မိုင် (၁၂၀) . . . ထိုထက် ထိုထက်မြန်သော နှုန်းဖြင့် တဟုန်တည်း ထိုးဆင်း နေလေ၏။ ယခု တစ်နာရီလျှင် မိုင် (၁၄၀) နှုန်း လှည့်လိုက်ခြင်းဖြင့် အလျားလိုက် အပျံမျိုးသို့ ဖြည်းညှင်း သာယာစွာ ပြောင်းလိုက် ပြီးလျှင် လရောက်အောက်၌ အမြောက်ဆံတစ်လုံးပမာ လှိုင်းများ ပေါ်တွင်လျှပ်၍ မီးခိုးရောင် တန်း တစ်တန်း တန်းသွားသကဲ့သို့ ပျံသန်း၏။ လေဆန်ဖြစ်၍ မျက်စိများကို တအားမှေးလျက် သူအပျော်ကြီး ပျော်လေ သတည်း။ တစ်နာရီလျှင် မိုင် (၁၄၀) ကွ၊ သူကိုယ်ကို လဲသူ ထိန်းထားနိုင်ခဲ့ တယ်လေ။ ပေနှစ်ထောင် အမြင့်အစား ပေငါးထောင် အမြင့်ကသာ ငါထိုးဆင်းရင် ဘယ်ကလောက်အထိ မြန်လိမ့် လေမလဲ မသိ…


ယခင် ခဏက သူပြုခဲ့သော အဓိဋ္ဌာန်များကိုလည်း သူသတိမရတော့ လေအဟုန် တံမြက်လှဲတွင် ထိုအဓိဋ္ဌာန် များ ပါသွားချေပြီ။ သို့တစေ လည်း ထိုအဓိဋ္ဌာန်များ မအောင်ခြင်းအတွက် နောက်တဖန် နောင်တရခြင်း သူမဖြစ်၊ လိပ်ပြာမသန့်ခြင်းလည်း မရှိ။ သူ့ ကတိ သူ ဖျက်လိုက် သည်ကို သူ ဝမ်း မနည်း။ ရိုးရိုး ကုပ်ကုပ် သာမန် ဘဝမျိုး ကို လက်ခံသော ဇင်ယော်မျိုးသာလျှင် ဤကတိများကို မဖျက်ဝံ့။ အပျံအတတ်တွင် ထိပ်တန်းသို့ ရောက်နေ သော သူတစ်ဦးအဖို့ ဤကတိမျိုးကို ထိန်းရန် မလို။ နေထွက် လျှင် ထွက်ထွက်ချင်း ယောနသံ ဇင်ယော်သည် အပျံကျင့် နေလေပြီ။ ပေငါးထောင် အမြင့် အကာဘောင်မှ သူအောက်သို့ ကြည့်လိုက်သော် တံငါလှေများသည် အစက်အပျောက် ကလေး များသာ ဖြစ်နေ၏။ နံနက်စာ အစာရှာထွက်ကြသော ဇင်ယော်ငှက်အုပ်ကြီးကို ကြည့် လိုက် လျှင်လည်း ဝိုင်းကြီး ပတ်ပတ် လည်နေသော မှုန်မွားမွား ဖုံမှုန့်တိမ်လိပ် များသာ ဖြစ်နေ၏။ သူ့အသက်နှင့် သူ့ကိုယ် မြဲလျက် ပင် ရှိနေ၏။ ပီတိဖြင့် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လျက် ကြောက်စိတ် ထိန်းထား နိုင် ခြင်း ကိုလည်း ဂုဏ်ယူလျက် ရှိ၏။ ထို့နောက် သူသည် ဆိုင်းမပါ ဗုံမဆင့်ဘဲ တောင်ပံများ၏ ရှေ့ပိုင်းကို အတွင်း သို့ ကပ်ကာ တောင်ပံ၏ အမြိတ်အနားများကိုသာ ဖြန့်လျက် အောက်ရှိ ပင်လယ်ပြင်သို့ ထိုးစိုက် လိုက်၏။ ပေလေးထောင်ကို ကျော်ကျလာသောအခါ အဆုံးစွန်ဖြစ်သော အမြန်နှုန်းကို ရလေ ၏။ လေထုသည် အသံဖြင့် အတိပြီးသော မဟာရံ တံတိုင်းကြီးပမာ ဖြစ်လာ၏။ မည်သို့ပင် ဖိတိုး သော်လည်း ထိုတံတိုင်းကားမရွေ့။ သူသည် အောက်တည့်တည့်သို့ တစ်နာရီလျှင် (၂၁၄) မိုင်နှုန်း ဖြင့် ယခုကျဆင်းနေ၏။ ထိုအခိုက်၌ သူ့အတောင် များသာ အကယ်၍ ပွင့်သွားလိုက်လျှင် သူသည် တစ်သန်း မျှ လောက်သော အစိတ်အမွှာများ အဖြစ်သို့ ဖရိုဖရဲ ဖွာကြဲသွား လိမ့်မည်ကို သိ၍ သူသည် ပျံလွှားငှက်ပမာ အတောင်များကို ပိတ်လိုက်၏။ အရှိန်အဟုန်ဟူသည် တန်ခိုး အာဏာ ပေတည်း။ အရှိန်အဟုန်ဟူသည် ပီတိချမ်းသာပေတည်း။


အမြင့်ပေတစ်ထောင် တိမ်အာကာသို့ သက်ဆင်းမိသောအခါ သူသည် တောင်စုံကို ဖြန့်လိုက်၏။ သူ တောင်ပံ ဖျားတို့သည် လေအဟုန်ကို တဖတ်ဖတ် ရိုက်ခတ်လျက် ပုံသဏ္ဍာန် မသဲကွဲတော့ဘဲ မှုန်မွှားမွှား မှေးတေးတေး သာ ရှိတော့၏။ သူ့မျက်စိ ထဲတွင် လှေနှင့် ဇင်ယော်အုပ်တို့သည် ကြယ် ဥက္ကာပျံ များပမာ သူ့ထံသို့ ဒယိမ်း ဒယိုင် ကြီး တရှိန်ထိုး တိုးဝင်လာနေကြဟန် မြင်ရ၏။ ငှက်အုပ် သည်လည်း သူ့လမ်းကြောင်း တည့်တည့်ကြီးတွင် ရှိနေ ၏။ ခက်ပြီ။ ရပ်၍လည်းမရ။ သူရရှိနေသော အမြန်နှုန်းမျိုး၌ မည်ကဲ့သို့ ယိမ်းကွေ့ရသည်ကိုလည်း သူမသိ သေး။ ထို့ကြောင့် သူသည် မျက်စိများကို စုံမှိတ်ထားလိုက်၏။ နေထွက်ပြီး မကြာမီကလေး ထို နံနက်ခင်း အချိန်၌ သူ အဖြစ်ဆိုး သည်ကား ယောနသံဇင်ယော်သည် နံနက် အစာရှာ ထွက်လာ သည့် ဇင်ယော်အုပ်၏ အလယ်ဗဟို တည့်တည့် အတွင်းသို့ တစ်နာရီလျှင် (၂၁၂) မိုင်နှုန်းဖြင့် မျက်စိများ စုံမှိတ်ကာ လေရော တောင်ပံမွှေးများပါ တဟီးဟီး ခြိမ်းလျက် ဒလကြမ်းကြီး ရမ်းကားကာ ဖြတ်ဝင်၏။ ကံကောင်းသည်။ မည်သူမျှမသေ။


ကောင်းကင်တိမ်ယံဘက်ဆီသို့ သူ့ နှုတ်သီးကို မော့လိုက်သည့်အခါတွင် သူသည် တစ်နာရီလျှင် မိုင် (၁၆၀) နှုန်း ဖြင့် ပျံနေ လျက်သား ရှိသေး၏။ မိုင်နှစ်ဆယ်နှုန်းသို့ လျှော့ချလိုက်ပြီးလျှင် တောင်ပံ များကို ဖွင့်လိုက်သောအခါ အောက်ဖက်ပေ လေးထောင် အနိမ့်ရှိ ပင်လယ်ပြင်တွင် တံငါလှေသည် ပေါင်မုံ့ တစ်ဖဲ့စာ အရွယ်သာရှိ၏။ သူ၏ အောင်မြင်မှုကိုသာသူ တမြုံ့မြုံ့ တွေးနေမိ၏။ အဆုံးစွန်သော အမြန်နှုန်းဖြင့် ပျံနိုင်လေပြီ။ ဇင်ယော်ငှက် မတစ်ထောင် တစ်ကောင်ဖွား ကလေးတော့ဖြင့် တစ်နာရီ လျှင် (၂၁၄) မိုင်နှုန်းဖြင့် ပျံနိုင်လေပြီဟေ့။ ဖြစ်တောင့် ဖြစ်ခဲသော အရာပေတည်း။ ဇင်ယော်တို့သမိုင်း၏ တစ်ခုတည်းသော အကြီးဆုံး မင်္ဂလာ ရတောင့်ရခဲ အခါအခိုက် ပေတည်း။ ယောနသံ ဇင်ယော်အဖို့ ထိုအခါမှစ၍ ခေတ်သစ် တံခါးသည် ဟင်းလင်းကြီး ပွင့်လေပြီ။ တကိုယ် တည်း လေ့ကျင့်ရာ စခန်းသို့ ပျံသွားပြီးလျှင် ပေရှစ်ထောင်အမြင့် ဝေဟင်သို့တက်၍ အောက် သို့ ဦးစောက်ထိုးရန် သူ့ တောင်ပံ များကို ရုပ်သိမ်းကာ သူသည် တဟုန်ထိုး ထိုး၍ လှည့်နည်း တိမ်းနည်း ဝိုက်နည်း များကို တတ် အောင် လေ့ကျင့် လေတော့ သတည်း။ ဤသို့ဖြင့် ယောနသံဇင်ယော်သည် ဤမြေကြီးဘုံတွင် ကောင်းကင် ဂျွမ်းဘား အစွမ်းကို ပထမဦးဆုံး ပြနိုင်သည့် တကယ့်ဇင်ယော် ငှက်ကျော်ငှက်မော် ဖြစ်လာ၏။


#အကြဉ်ခံရခြင်း

----------

အနာဂါတ် ကာလမှ နှစ်များသည် ဆုလာဘ် ကတိ အပြည့်နှင့် ဝင်းဝင်းတောက်လျက် အသံ တကြော် ကြော် ဖြင့်လည်း ဖိတ်ခေါ် လျက်ရှိ၏။ ပင်လယ် ဇင်ယော်များသည် ယောနသံ ဆင်းလာ သောအခါ ငှက်ကောင်စီ အစည်းအဝေး အတွက် စုရုံးပြီးသား ဖြစ်နေ၏။ ကြိုတင်၍ စုဝေး နေနှင့် ကြသည်မှာ ထင်ရှား ၏။ အမှန်စင်စစ် ကား စုရုံး ကြပြီးနောက် သူ့အလာကို စောင့်မျှော်နေ ကြခြင်းသာ ဖြစ်၏။


"ယောနသံ ဇင်ယော် အလယ်ကို ကြွပါ"


ဇင်ယော် အကြီးအကဲ များ၏ ဤအသံသည် ပွဲသဘင် အခမ်းအနား တခုကို ဖွင့်လှစ်သော အသံမျိုး ပမာ တည်ကြည် ခံညား လှ၏။ အလယ်သို့ ကြွ၍ ရပ်ပါ ဆိုသော ဤအပြောမျိုး သည် ရှက်ဖွယ်လိလိ သိက္ခာချ ကံပြုခြင်း အဓိပ္ပါယ် ရှိ၏။ ဇင်ယော် သူရဲကောင်း များကို သူကောင်းပြုသော ပွဲမျိုးတွင် အချီးအမြှောက် ကံ အပြုခံဖို အလယ်သို့ ကြွစံပါဟု ဆိုလေ့ရှိ၏။ သူ၏ ဂုဏ်ကျေးဇူး များကို တဖွားဖွား ခံတွင်း မဆံ့ ချီးအံ့ ပြောဖို့သာ ဖြစ်မှာပါပဲ ဟူသော အထင်ဖြင့် ယောနသံ က ဤသို့ တွေးမိ၏။


မနက်က အစာရှာ ထွက်ကြတဲ့ ငှက်အုပ်ထဲ ငါဖြတ်ပျံ မိလို့ ဖြစ်မှာပေါ့။ အလျင်နှုန်း အဟုန် တံတိုင်းကို ငါထိုးဖောက်နိုင်ခဲ့တာ သူတို့ မြင်လိုက် ကြလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ငါက ဘာဂုဏ်တွေ ကိုမှ မလိုပါဘူး။ ငါတွေ့လာ ခဲ့သမျှကို၊ ငါတတ်လာ ခဲ့သမျှကိုသာ သူတို့ကို ဝေမျှ ပေးလိုတဲ့ စိတ်ဆန္ဒပဲ ရှိပါတယ်။ တို့တတွေ အားလုံးကို မျက်နှာ တူရူမှ ငံ့လင့် စောင့် မြှော် နေတဲ့ ဆုလာဘ်ကြီးတွေ ဆီကိုသာ ညွှန်ပြ လိုတာ ပါဘဲ။ ယောနသံ သည် အလယ် ဗဟိုသို့ ချီလေ၏။ ဇင်ယော် ခေါင်းဆောင် ကြီးက ဤသို့ ဆိုလိုက်၏။


"ဟေ့ . . . ယောနသံ ဇင်ယော်၊ မင့် အဖော် ဇင်ယော်တွေ မြင်သာ အောင် သိက္ခာချကံ အပြုခံဖို့ အလယ်ကို သွားပြီး ရပ်စမ်းပါ။”


ယောနသံ သည် ပျဉ်ထူထူ တစ်ချပ်ဖြင့် အရိုက်ခံလိုက်ရဘိသကဲ့သို့ ဖြစ်သွား၏။ သူ့ဒူး များလည်း ယိုင်လာ၏။ သူ့အမွှေးများလည်း နွဲ့ယိုင် အိတွဲ ကုန်၏။ သူ့နားထဲ၌ မောင်းသော အသံကြီးတစ်ခု မြည် ဟိန်း လာ၏။ သိက္ခာချ ကံ အပြုခံရဖို့ ငှက်ဗဟို မှာ သူရပ်နေ ရပြီ၊ မဖြစ်နိုင်တာ၊ ဘယ့်နှယ် အလျင်နှုန်း အဟုန် တံတိုင်းကြီးကို ထိုးဖောက် အောင်မြင်ခဲ့ခြင်းဟာ ဘယ်ရောက် သွားသလဲ။ သူတို့ နားမလည် ကြပါဘူး။ သူတို့ မှားကြ လေပြီ။ သူတို့ မှားကုန် ကြပြီ။


ခံ့ညားသော အသံကြီးက ဆက်၍ ဆိုလိုက်သည်မှာ -


"သူ့ရဲ့ . . . ပိုးစိုးပက်စက် ရောက်တတ်ရာရာ တာဝန်မဲ့ အပြုအမူကြောင့် . . . သူဟာ ဇင်ယော် အိမ်ထောင်စု ကြီးရဲ့ ဂုဏ်နဲ့ အစဉ်အလာ တွေကို ချိုးဖောက် ဖျက်ဆီး စော်ကား ခဲ့တာမို့ . . ."


သိက္ခာ ချကံ အပြုခံ ရခြင်းသည် သူ့အဖို့ ဇင်ယော်တို့ ဘောင် မှ ကြဉ်ခြင်း ဖဲခြင်း ခံရပြီးနောက် ဝေးလှစွာသော ကျောက်ကမ်းပါး စောက်များ မဲဇာဖျားသို့ သွား၍ ကိုယ် ထည်း သာ ချည်း တစ်ယောက်တည်း လျှင်၊ အထီးကျန် အလေနတော အဖြစ် ဘဝဆုံး ရမည်သာ ဖြစ်သတည်း။ အသံကြီးက ဆက်ဆိုပြန်၏။


"ယောနသံ ဇင်ယော်၊ တနေ့ကျ မင်းသိလိမ့် မပေါ့၊ တာဝန် မဲ့ ကပက်ကစက် ပြုလုပ်လို့ မင်းအတွက် ဘာအကျိုးမှ မရနိုင်၊ ဘဝ ဆိုတာလည်း မသိ ရသေး တဲ့ အရာ၊ မသိနိုင်သေးတဲ့ အစိန္တေယတရား လို့မှတ်။ သိတာနဲ့ သိနိုင်တာ တစ်ခုတည်း ကတော့ ဒီမြေကြီးဘုံထဲ တို့တတွေ ရောက်ရှိ လာတာ ဟာ စားဖို့ နဲ့ အသက်နဲ့ကိုယ် ကြာကြာ မြဲနိုင် သလောက် မြဲအောင် နေသွားနိုင် ဖို့ပဲ”


ဇင်ယော်တို့၏ ကောင်စီ အစည်းအဝေးတွင် အဘယ်မည်သော ဇင်ယော်တို့ကမျှ ခွန်းတုံ့ပြန်၍ နှုတ် လှန်ထိုးခြင်း ပြုရိုးထုံးစံမရှိ။ သို့သော်လည်း ယောနသံသည် ဤသို့ထုချေ၏။


"ဘယ့်နှယ်ဗျ၊ ကျွန်တော် တာဝန်မဲ့ ပြုလုပ်တယ်တဲ့လား။ ကျွန်တော့်ညီများ အစ်ကိုများတို့။ ဘဝ အဓိပ္ပာယ်နဲ့ ဘဝရဲ့ ကိစ္စကို တွေ့ရှိကြရပြီး ဇင်ယော်ထက် ဘယ်သူကများ တာဝန်ပိုသိ ဖြစ်နိုင် ပါသေး သလဲ။ ကျွန်တော်တို့ ဟာနှစ်ပေါင်း တစ်ထောင်မျှ ငါးခေါင်းများ နောက်ကိုချည်း တကောက်ကောက် လိုက်နေခဲ့ ကြရာက အခုမှ ဘဝရဲ့ ယုတ္တိရှိ မှုတွေကို တွေ့လာ ရတာပါ။ သတ္တဝါ ဆိုတဲ့ ဘဝကို ရလာ တာဟာ သင်ယူဖို့ တွေ့ရှိ ဖို့ လွတ်ဖို့ ကျွတ်ဖို့ ပဲ ဆိုတာ လေဗျာ။ ကျွန်တော် အခု တွေ့ထား တာကို ပြပါရ စေဦး။ ဒီတစ်ကြိမ် လောက်တော့ ခွင့်ပြုပါ။"


ငှက်အုပ်ကြီးသည် ကျောက်ခဲ ကျောက်တုံး များကဲ့သို့ မတုန်မလှုပ် ငုတ်တုတ် ကြီး နေကြ၏။ ပြီးနောက် ဇင်ယော် အပေါင်း တို့သည် -


"မင်းဟာ တို့မျိုးရိုးကို စော်ကား မော်ကား ဖျက် ဆီး ပစ်တာပဲ”


ဟု တစ်သံတည်း အုန်းအုန်း ဖြဖြ ထွက်ဆို ကြပြီး လျှင် နားများကို ပိတ်လျက် သူ့ကို ကျောခိုင်း သွားကြ ကုန်၏။


ယောနသံ ဇင်ယော်သည် သူ၏ နေ့ညများကို တစ်ကောင်ထီးတည်း ကုန်လွန်စေရငြားလည်း ဝေးလံ လှသော ချောက်ကမ်းပါးများသို့ ရောက်ရုံ သာမက ထို့ထက် ကျော်လွန်၍ပင် ကျယ်ပြန့်စွာ ကျင်လည် ကျက်စား ရ၏။ သူ၏ တစ်ခုတည်းသော ဝမ်းနည်းမှုကား အထီးကျန် အဖြစ်နှင့် နေရခြင်း မဟုတ်၊ ပျံသန်းခြင်း အတတ်၏ ဘုန်းကြက်သရေသည် ဇင်ယော်အပေါင်း အပေါ်တွင် ဖြိုးဝေရန် စောင့်လင့် နေသည်ကို အခြားသော ဇင်ယော်တို့က မယုံနိုင် ဖြစ်နေခြင်း သာတည်း။ သူတို့ခမျာ မျက်စိဖွင့်၍ ကြည့်မြင်ရန် ငြင်းဆို နေကြခြင်း တည်း။


ယောနသံသည် ပျံသန်းခြင်း အတတ်ကို တနေ့တခြား ပို၍ ပို၍ တတ်လာ၏။ လေတိုးသည့် သူ့ကိုယ် ဧရိယာကို နည်းနိုင်သလောက် နည်း အောင် အတောင်များကို ပိတ်လျက် ကိုယ်အလျားကိုလည်း ဆန့်ထုတ်ကာ လျင်မြန်သော အဟုန်ဖြင့် အောက်သို့ ဒေါင်လိုက် ထိုးဆင်းခြင်းသည် သူ့အား ပင်လယ် ရေ မျက်နှာပြင် ၏အောက် ဆယ်ပေ၌ စုဝေး သွားလာ နေလေ့ ရှိသည့် ငါးမြုံးများအတွင်းသို့ ရောက်သွား စေ၏။ ဤသို့ဖြင့် ပင်လယ်ပြင်အောက် ဆယ်ပေ အရပ်တွင် လျှာအရသာထူးကို သူ ခံစား ရ၏။ အသက်ရှင်နေရန် အတွက် တံငါလှေများနှင့် ပေါင်မုံ့သိုးများကို သူမလိုတော့။ လေထဲတွင်ပင် သူအိပ်တတ်လာသည်။ ကမ်းအလွန်၌ တိုက်ခတ်နေသော လေကြောင်းကိုလည်း ညဥ့်အခါ ဖြတ်သန်း ၍ နေဝင်မှ နေထွက်အတွင်း မိုင်တစ်ရာ ခရီးပေါက်ရောက်နိုင်၏။


ဤသို့သော အတွင်းအဇ္ဈတ္တ တန်ခိုး မျိုးဖြင့်ပင် သူသည် ထူထပ်သော ပင်လယ် နှင်းတိုက် နှင်းတော များကို ထိုးဖောက် ဖြတ်သန်း၍ မျက်စိ ကျိန်းလောက်အောင် တောက်ပ ကြည်လင် နေသော အထက် ကောင်းကင်ယံ သို့လည်း ပျံတက်နိုင်၏။ တခြားဇင်ယော်တိုင်း ဇင်ယော်တိုင်းအဖို့ မြေကြီးပေါ်တွင် ရပ်လျက်သာ မင်းလွင် မိုးနှင်းတို့မှ တပါး အခြား ဘာမျှ မသိနိုင်သော အချိန်အခါ ရာသီမျိုးတွင် သူ့အဖို့ မူ နေမင်းသည် သာလျက်ရှိ၏။ မြင့်မားသော ကောင်းကင်ယံမှ လေဟုန်များကို စီးနင်းလျက် သူသည် ကမ်းခြေနှင့်ဝေးသော အတွင်း ပိုင်း ကုန်းအရပ်ဒေသများသို့လည်း သွားရောက်ကာ ချိုမြန်သော ခဲဘွယ် ပိုးကောင် မွှားကောင်များကို မြိုးမြိုးမြက်မြက် သုံးဆောင်ရ၏။


ဇင်ယော်တစ်သိုက်လုံး တစ်အုပ်လုံးအတွက် သူတစ်ချိန်က မျှော်လင့်မိသောအရာကို ယခု သူ တစ်ယောက် တည်းသာ ရရှိနေလေပြီ။ ပျံသန်းခြင်း အတတ်ကို သူ သင်ယူ ဆည်းပူး ခဲ့၏။ သင်ယူရာ၌ ခံခဲ့ရသော ဒုက္ခများကို သူအမှုမထား၊ ဝမ်းနည်းခြင်းလည်း မရှိ။


ငြီးငွေ့ပျင်းရိခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း ဟူသော ဓလေ့စရိုက်သုံးမျိုး ရှိနေ လေသည့် အတွက် ဇင်ယော်တို့သည် ဤမျှလောက် သက်တမ်း တိုတောင်း ကြရ၏ဟု ယောနသံ သည် သိရှိလာ၏။ ယောနသံ၏ စိတ်သန္တာန်၌ ဤ အကြောင်း တရားသုံးပါး ကင်းပျောက် ဆိတ်သုဉ်း နေသောကြောင့်ပင် သူသည် အနာကင်းမဲ့ မရှိဘေးကင်း သက်တမ်းရှည်စွာ နေနိုင်ဘိတောင်း။


အခြားဇင်ယော် နှစ်ကောင်သည် ညဉ့်အခါ၌ ရောက်ရှိလာပြီးလျှင် ယောနသံ တစ်ကောင်ထီးထည်း သူမြတ်နိုးလှသော ကောင်းကင်ယံဝယ် ချမ်းမြေ့ ညင်သာစွာ လေဟုန်စီးလျက်ရှိသည်ကို တွေ့ရ သည်။ သူ့အတောင် တစ်ဖက် တစ်ချက်၌ သူ့ ကိုရံ၍ ပေါ်လာသော ထိုဇင်ယော် နှစ်ကောင် သည် ကြယ်ရောင်အလား သန့်စင်လှ၏။ သူတို့မှ ပြိုးပြက်သော အလင်းရောင်သည် လေအမြင့်၌ သိမ်မွေ့ခြင်း၊ ရင်းနှီးခြင်း တို့ဖြင့် လျှမ်းတောက်လျက်ရှိ၏။ သူတို့၏ ချစ်စရာအကောင်းဆုံး အချက် သည်ကား အပျံ ကျွမ်းကျင် ပုံတည်း။ တစ်ဖက် တစ်ချက် စီတွင် အတောင်ဖျားခြင်း တစ်လက်မ တိတိ သာ အမြဲပင် မယုတ်မလွန် အကွာ ထားလျက် ပျံသန်း၍ သူသွားလေရာရာသို့ ကပ်မြှောင်၍ အတူ လိုက် နေနိုင်မှု ပေတည်း။ ယောနသံသည် စကားတစ်ခွန်း မပြောပဲ ထိုဇင်ယော်နှစ်ကောင်ကို စိန်ခေါ် သည့် အနေဖြင့် စမ်းကြည့်လေတော့၏။


အခြားမည်သည့် ဇင်ယော်မျှ မလိုက်နိုင် မအောင်နိုင်သော အစမ်းအသပ် အစစ်ဆေးမျိုးပေတည်း။ သူသည် လေခို၍ ခွေးကျကျခြင်း မဖြစ်ရုံတမယ်မျှသာ ရှိသောနှုန်းမျိုးဖြင့် ဖြေးနှေးစွာပျံ၏။ ဇင်ယော် မျက်နှာစိမ်း နှစ်ကောင်လည်း သူနှင့်အတူ ထက်ချပ်မကွာ နှေးကွေးစွာ လိုက်ပျံနိုင်ကုန်၏။ သူတို့လည်း အနှေးပျံနည်းကို တတ်ကျွမ်းကြပေသကိုး။


ယောနသံသည် တောင်ပံများကို ခေါက်သိမ်းလျက် ကိုယ်ကို ခရုပတ် လှိမ့်ကာ အောက်သို့ တစ်နာရီ လျှင် မိုင်(၁၉၀) နှုန်းဖြင့် တဟုန်ထိုး ဆင်းလိုက်၏။ မျက်နှာစိမ်းနှစ်ကောင်လည်း သူ့နည်း အတိုင်းပင် ပုံပန်းမပျက်စေဘဲ လိုက်ဆင်းကြ၏။ နောက်ဆုံး သူသည် ယင်းအရှိန်ဖြင့်ပင် အထက်သို့ တဖန် အရစ် ကျဲသော ဝက်အူရစ်ပုံ ပျံနည်းဖြင့် ဒေါင်လိုက် ပြန်တက်၏။ သူစိမ်းနှစ်ကောင်လည်း အပြုံးမပျက် သူနှင့်အတူ လှိမ့်ကာ ပျံတက်ကြ၏။ သူသည် ယခု အလျားလိုက် ခဏကြာမျှ ပျံသန်းပြီးလျှင် -


"ကဲ.. ကောင်းပြီ၊ ခင်ဗျားတို့က ဘယ်သူတွေလဲ"


ဟုမေးလိုက်၏။


"တို့ဟာ မင်းရဲ့အုပ်ထဲက ယောနသံ၊ မင်းရဲ့ သွေးရင်းသားရင် ညီအစ်ကိုများပေါ့ကွာ။"


ထိုစကားသံများသည် အားအင်ပြည့်နှင့် ပြောသောစကားများ ဖြစ်သော်လည်း ညင်သာလှ၏။


"တို့မင်းဆီကို ရောက်လာခြင်းဟာ မင်းကို အမြင့်သို့ ဆောင်ကြဉ်းဖို့၊ ကိုယ့်ဘုံ ကိုယ့်နန်း ကိုယ့်အိမ်ကို ပြန်ခေါ်ဖို့ပေါ့"


"ဘာဗျ၊ ကျုပ်ဘုံ ကျုပ်အိမ်။ ကျုပ်မှာ ဘုံရယ်အိမ်ရယ်လို့ မရှိဘူးဗျ။ ကျုပ်ငှက်အုပ်ဆိုတာလဲ မရှိဘူး။ ကျုပ်ဟာ အဖဲကြဉ်ခံခဲ့ရသူပါ။ တောင်ကုန်းလေကြောင်းကြီးရဲ့ ထိပ်ဖူးမှာ ခုကျုပ်တို့ ပျံနေကြတယ်။ နောက်ထပ် ပေတစ်ရာ နှစ်ရာထက်လွန်ပြီး ဒီ . . . အိုမင်းရင့်ရော်လှတဲ့ ကျုပ်ကိုယ်ကောင်ကြီးကို မပင့်နိုင်တော့ဘူး"


"မဟုတ်ဘူးလေ၊ ယောနသံရယ် . . . မင်းတတ်ပြီးသားပါ၊ ကျောင်းတစ်ကျောင်းပြီးလို့ နောက်ကျောင်း တစ်ကျောင်း စတက်ဖို့ အချိန်ရောက်နေပြီကွဲ့"


ပညာဉာဏ်အလင်းသည် (ယောနသံ မသိလို့သာ) သူ့သန္တာ န်ကို သူ့ဘဝတလျောက်လုံး ထုတ်ချင်း ပေါက် ဖေါက်ထွင်း ဝင်းတောက် လျက်ရှိ၏။ ထိုအခိုက်တွင် ယောနသံ၏ အတွင်း၌ ဉာဏ်အလင်းသည် သူသိသာအောင် ထင်ရှားစွာ တောက်လင်း လေ၏။ မျက်နှာစိမ်းနှစ်ကောင် ပြောလိုက်သော စကား များသည် မှန်ပေစွတကား။ သူသည်ခုနကထက် ပိုမြင့်စွာ ပျံသန်းလျက် ရှိ၏။ အိမ်ပြန်ဖို့ အချိန်လည်း ရောက်လေပြီ။


သူ့မျက်စိများသည် ကောင်းကင်ကို ဖြတ်သန်း၍ ဤမျှလောက် အပျံမျိုးစုံ တတ်ခဲ့ရသော နေရာ ဖြစ်သည့် ငွေပြည်တန် ကုန်းပြင်မြေကြီးဘုံသို့ နောက်ဆုံးကြည့်ခြင်းမျိုးဖြင့် အတန်ကြာအောင် လှည့်ကြည့် နေမိ၏။


"ကဲ၊ ကျုပ်တော့ လိုက်ဖို့ အသင့်ပဲ"


ဟု နောက်ဆုံးတွင် သူပြောလိုက်၏။


သည့်နောက် ယောနသံ ဇင်ယော်သည် ကြယ်လုံးများပမာ ဝင်းတောက်သော အဖော် နှစ်ကောင် နှင့် အတူ မှောင်အတိ ဖြစ်အောင် မည်းနက်နေသော ကောင်းကင်ထဲ၌ ပျောက်ကွယ် သွားလေတော့ သတည်း။


****************************************************


အပိုင်း (၂) - က


#ကမ်းကုန်အောင်_တတ်စွမ်းခြင်း


----------


သြော် . . . သည်ဟာ ခေမာရိပ်မြုံ ထင်ပါရဲ့။ ဤသို့ တွေးမိ၍ သူ့ ကိုယ်သူ ပြုံးရယ်မိ၏။ ဤဘုံသို့ ပျံတက် ၀င်ရောက်ခါစသာ ရှိသေး၊ ဘုံအကြောင်း စိစစ် နေသည်မှာ မခိုးမခံ့ပြုရာ ရောက်သဖြင့် ပြုံးမိခြင်းဖြစ်၏။


ကိုယ်ရောင် ကိုယ်ဝါ တောက်ပသော ဇင်ယော် နှစ်ကောင်နှင့်အတူ တောင်ပံချင်းယှဉ်၍ မြေကြီးပြင်မှ တိမ်များအထက်သို့ ပျံတက်လာစဉ်တွင် သူ့ ကိုယ်ခန္ဓာ ကိုယ်လည်း အခြားဇင်ယော်နှစ်ကောင်နည်းတူ တောက်ပလာသည်ကို သူမြင်ရ၏။ မှန်ပါပေသည်။ ယခုရှိနေသော ယောနသံ ဇင်ယော်လည်း ယခင်က ယောနသံ ဇင်ယော်ပင်ဖြစ်၏။ သို့သော် အပြင် ဗဟိဒ္ဓ ရုပ်အဆင်း အသွင် သဏ္ဍာန်သည် ပြောင်းလဲ လေပြီ။


ကိုယ်ခန္ဓာ သည်လည်း ဇင်ယော်ခန္ဓာ မျိုးပေတည်း။ သို့သော် ယခင် ခန္ဓာဟောင်း ကဲ့သို့မျိုး လုံး၀ မဟုတ်၊ ပို၍အပျံအသန်းကောင်းနေ၏။ ယခင် မြေကြီးဘုံ ဘဝဟောင်းတွင် စိုက်ထုတ်ခဲ့ဖူးသော လုံ့လ မျိုး ၏ တစ်၀က်မျှဖြင့် ယခု အမြန်နှုန်း လည်း နှစ်ဆရ၍ အလုပ်လည်း နှစ်ပြန်ပြီး နိုင်ပေသည်။


သူ့အမွှေး များသည် ဆွတ်ဆွတ်ဖြူ ဖွေးဖွေးလက်လာ၏။ သူ့တောင်ပံများလည်း အကြိမ်များစွာ ပွတ် တိုက် ထား အပ်သော ငွေပြားများ နှင့် အတူ စင်းလုံးချော ညက်မွတ်၍ အပြစ်ကင်းစင်ဘိ၏။ သူသည် ၀မ်းမြောက် ၀မ်းသာ ဖြစ်လျက် ဤတဖြစ်လဲ တောင်ပံများ အကြောင်းကို စ၍ လေ့လာ တော့၏။ တောင်ပံ များ အတွင်းသို့ အားအင် စွမ်းပကား သွတ်သွင်းမှုကိုလည်း သူစတင်လေတော့၏။


တစ်နာရီလျှင် မိုင် (၂၅၀) နှုန်းဖြင့် ပျံနိုင်လာသောအခါ အလျားလိုက် တပြေးတည်း အမြန်ဆုံး ပျံနိုင် သော နှုန်းသို့ ရောက်ခါနီး ချေပြီဟု သူထင်၏။ တစ်နာရီလျှင် (၂၇၃) မိုင်နှုန်းဖြင့် ပျံလာနိုင် သော အခါ တွင်လည်း ဤသည်ပင် အမြန်ဆုံးနှုန်း ပေတည်း ဟု ထင်မိပြန် ၍ အနည်းငယ် စိတ်ပျက် နေမိ၏ ။ဤ ကိုယ်ခန္ဓာသစ်၏ အစွမ်းသည်လည်း အကန့်အသတ် ရှိနေပေ လိမ့်မည်။


ယခင်က အလျားလိုက် တပြေးတည်း အပျံနှုန်းထက် ယခုနှုန်းကား ပိုပင်ပိုငြားသော်လည်း အဆုံးစွန် သော အလျင်နှုန်းသို့မူ ရောက်ရှိနေပြီ။ ထိုစံချိန်ကို ချိုးရန် အလွန်ကြီးသော လုံ့လ ဝီရိယမျိုး လိုပေ လိမ့်မည်။ ဤသို့သော ကောင်းကင်ဘုံ မျိုး၌ အရာရာအဖို့ အတားအဆီး အကန့် အသတ် အပိတ်အပင် မရှိထိုက် ချေတကား ဟု သူထင်မိ၏။ တိမ်များသည် ဟင်းလင်းပေါက် ကုန်၏။ သူ့အဖော် သူ့အစောင့် များက “လိုရာခရီးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါစေ၊ ဘေးမသီ ရန်မခဘဲ သက်ဆင်းနိုင်ပါစေ၊ ယောနသံ” ဟု နှုတ်ဆက် ပြီးသော် မိုးပျံ လေလျှိုး၍ ကွယ်ကုန်၏။ ယောနသံသည် ပင်လယ်တစ်ခု၏ အထက်မှ လွှသွား ပုံနှယ် အထစ်အငေါ့ ရှိသော ကမ်းရိုးတန်းဆီသို့ ပျံသန်းလျက် ရှိ၏။ တောင်ကမ်းပါး စောက်များ ပေါ်တွင် ဇင်ယော် အနည်းငယ်မျှ သာလျှင် အထက်သို့ ထိုးတက်နေသော လေကြောင်း များကို စီးနင်းနေကြ ကုန်၏။ မြောက်ဘက် အဝေးတွင် မျက်မြင် တဆုံးရှိ မိုးကုပ်ကုပ်ကြီး ပိတ်ဆီး နေသော အရပ် ၌လည်း ဇင်ယော် အနည်းငယ်မျှသာ ပျံနေကြကုန်၏။ အမြင်သစ်များ အတွေးသစ်များ အမေးသစ် များသည် သူ၌ ပေါ်လာ ကုန်၏။ အဘယ့်ကြောင့် ဇင်ယော်များ ဤမျှလောက် နည်းပါး နေသနည်း။ ဤလို ကောင်းကင်ဘုံ မျိုးသည် ဇင်ယော်အုပ်များဖြင့် အပြည့်အသိပ် ဖြစ်နေသင့်လှ၏။ ငါလည်း ယခု ကောက်ကာငင်ကာ အဘယ့်ကြောင့် ဤမျှ မောဟိုက် လာရ သနည်း။ ကောင်းကင်ဘုံမှ ဇင်ယော်များ ဟူသည် မောရိုး ထုံးစံ မရှိဆို။ အိပ်ရိုး ထုံးစံလည်း မရှိဆို။ ဒီစကားကို သူဘယ်က ကြားခဲ့ ပါလိမ့်။ မြေကြီးဘုံ၌ နေခဲ့ ရသည့် သူ့ဘ၀ အကြောင်းကို သူတဖြည်းဖြည်း မေ့လေပြီ။ မြေကြီးဘုံသည် သူကိုယ်တိုင် အတတ်ပညာ အမြောက်အမြား သင်ယူ တတ်ကျွမ်း လာခဲ့သည့် နေရာ ဖြစ်သည်ကား အမှန်ပင်။ သို့သော်လည်း ထိုနေရာ၌ ဖြစ်ဖူးကြုံဖူးသည်များကို အသေးစိတ် မမှတ်မိတော့။ မှုန်မွှားမွှား ရေးတေးတေး အရိပ်သဖွယ်သာ ဥာဏ်၌ ထင်နိုင်၏။ အစားအတွက် အလုအယက် တိုက်ကြရ ခိုက်ကြ ရ ဆိုလား . . . ဘာလား၊ ဖဲကြဉ်ခြင်း ခံရ၊ သိက္ခာချ ကံပြုခြင်း ခံရ ဆိုလား . . . ဘာလား၊ သေသေ ချာချာ တော့ မမှတ်မိတော့။


ကမ်းရိုးတန်းပေါ်ရှိ ဇင်ယော် တစ်ကျိပ် နှစ်ယောက်သည် သူ့ထံသို့လာ၍ တစ်ကောင် တစ်လေမျှလည်း ဘယ်စကား ကိုမျှမပြော။ သူ့ကို လာ၍ ပျူပျူငှာငှာ ခရီးဦးကြို ပြုကြသည်ကိုမူ ယောနသံ သိ၏။ ဤ နေရာ သည် သူ့ဘုံသူ့နန်း သူ့အိမ် ဖြစ်ကြောင်း ကိုလည်း သူသိ၏။ သူ့အဖို့ နေ့ထူးနေ့မြတ်ကြီး တနေ့ ဖြစ်၏။ ထိုနေ့ကြီး ၏ အစ နေထွက် ကိုမူ သူမမှတ်မိ တော့။


ကမ်းခြေ သို့ ဆင်းသက် ရန် သူလှည့် လိုက်၏။ တောင်ပံများကို ရိုက်ခတ်၍ မြေပေါ်မှ တစ်လက်မ အမြင့် တွင် တခဏမျှ တန့်ပြီးနောက် သဲပေါ်သို့ ပေါ့ပါးစွာ ခြေချလိုက်၏။ အခြားဇင်ယော်များလည်း သက်ဆင်းကြ၏။ သို့သော် သူနှင့် သက်ဆင်းပုံခြင်း မတူ။ တစ်ကောင်တစ်လေမျှ အတောင် ရိုက်ခတ်ဖို့ ဝေးစွ၊ အမွှေး တစ်မျှင် ကိုသော်ပင် မလှုပ်ကြ။ သူတို့သည် တောင်စုံကို ဖြန့် လျက် လေထဲတွင် ဝုိက် ကာ၊ ဘယ်ကဲ့သို့ ဟူမူ သူမသိ၊ အမွှေး အတောင် များကို ကိုင်းညွှတ်လျက် ခြေထောက်များနှင့် မြေကြီး ထိလိုက်သည်နှင့် တပြိုင်နက် အပျံလည်း ရပ်သွား၏။ အထိန်းအသိမ်း ကောင်းလိုက်လေခြင်း။


သို့သော်ယောနသံသည် တဟိုက်ဟိုက် တဟော်ဟော်နှင့် အတော်ကြီးရိနွမ်း၍ အပင်ပန်းကြီး ပင်ပန်းနေသဖြင့် စမ်းမကြည့်လိုတော့။ ကမ်းခြေသောင်ပြင်တွင် ရပ်လျက် ယခုတိုင်အောင် စကားလည်း တစ်ခွန်းမျှ မပြောဘဲ ကျိန်းစက်သွား၏။


နောက်နေ့ရက် များတွင် ယောနသံသည် ဤနေရာ ၌လည်း ပျံသန်းခြင်း အတတ်ပညာ အကြောင်း သင်ယူ လေ့လာစရာ နိဿရည်း များမှာ သူစွန့်ပစ်ခဲ့သော ဘုံဘ၀ ဟောင်း၌ ကဲ့သို့ပင် အမြောက် အမြား ရှိနေသေးသည်ကို သူမြင်၏။ သို့သော် ခြားနားမှု တစ်ခုကား ရှိ၏။ သူ စဉ်းစား တွေး တော သလို ဇင်ယော် များကား ဤနေရာ၌ ရှိ၏။ သူတို့ အမြတ်နိုးဆုံး အပြုဆုံး အလုပ်သည်ကား ပျံသန်း ခြင်း အတတ်ပညာ ပေပင်တည်း။ သူတို့ အားလုံးသည် ခံ့ညား သိုက်မြိုက်သော ငှက်များ ဖြစ်၏။ သူတို့သည် နေ့တဓူ၀ တစ်နာရီပြီး တစ်နာရီ တရံမစဲ အပျံလေ့ကျင့်လျက် အထက်တန်း လေ ကြောင်း အတတ်ထူး များကို ကြံဆ စမ်းသပ် တီထွင် နေကြ ကုန်၏။ ယောနသံသည် သူ စွန့်ပစ် ထွက်ခွာ လာခဲ့ သော မြေကြီး ဘုံ အကြောင်း ကို အတော်ကြာမြင့်စွာ မေ့နေ၏။ ထို ဘုံဟောင်း၌ ဇင်ယော် အုပ်သည် ပျံသန်းခြင်း အတတ်၏ ကောင်းကျိုး ချမ်းသာကို မမြင် လို၍ မျက်စိ များကို စေ့နေ အောင် တအားကြီး မှိတ်လျက် အစာ ရှာရေးနှင့် အစား အတွက် ခိုက်ရန် များရေး အကျိုးကို အတွက် သူတို့ ၏ တောင်ပံ များကို အကြောင်းအရင်း ပြုကာ သာလျှင် နေကြကုန်၏။ ယောနသံ သည် ရံဖန် ရံခါ ထိုလွန်ခဲ့ သော ဘ၀အကြောင်း တစ်ချက် တလေကို ခဏကြာမျှ သတိရ၏။


ယောနသံသည် သူ့ဘဝဟောင်း အကြောင်းကို တစ်မနက်တွင် သတိ ရလာ ပြန်သည်။ အပျံ အတတ် သင် သူ့ဆရာနှင့် အတူ အတောင်များ ပိတ်လျက် လှိမ့်ပျံ ပျံခြင်း အတတ်ကို လေ့ကျင့် ပြီးနောက် သောင်ပြင် ပေါ်သို့ ဆင်း၍ အနားယူနေစဉ် တွင်ဖြစ်၏။


ယောနသံသည် သူ့ဆရာအား ဤသို့မေးခွန်းထုတ်၏။


“ဆရာ ဆာလီဗင်၊ ဇင်ယော်တွေ ဘယ်ရောက်ကုန်ကြသလဲ”


ဤသို့ မေးလိုက် ရာတွင် နှုတ်မှ အသံမထွက်၊ စိတ်မနော ဖြင့်သာ မေးလိုက်ခြင်း ဖြစ်၏။ “ကီးကီး ဂတ်ဂတ်” ဟူ၍ အသံမပြုဘဲ ဤဘုံမှ ဇင်ယော်များသည် တစ်ဦးနှင့်တစ်ဦး နှုတ်ပြော ဖြင့်မဟုတ်၊ စိတ်မနော ဖြင့်သာ ဆက်သွယ် ကြ၏။ ယောနသံ လည်း ဤသို့ ဆက်သွယ်မှု၌ လွယ်လင့်တကူ ကျင့်သား ရလာ၏။


“သည်မှာ ဘာကြောင့် ကျုပ်တို့ ဇင်ယော်ဦးရေ နည်းနေရတာတုန်း” ကျုပ်နှင့် ခင်ဗျား နှစ်ကောင် တင်ပဲလား။ ကျွန်တော်ထွက်လာတဲ့ နေရာမှာဆိုရင် . . . “


“ဇင်ယော်တွေ ထောင်နဲ့ချီပြီး ရှိတာကို ငါသိပါတယ်။” ဟု ဆာလဗီငှက် ခေါင်း တခါခါ ဖြင့် သူ့စကားကို ဆက်ပြောသည် ။


“ငါသိတဲ့ အဖြေတစ်ခုတည်း ကတော့ ယောနသံရယ်၊ မင်းဟာ ငှက်တစ်သန်းမှာ တစ်ကောင်ထူး အဖြစ် ကြီး ဖြစ်လို့ သာပေါ့။ တို့တတွေ အများစုဟာ ဒီကို အလာအရောက် နှေးကြတယ်ကွဲ့။ တစ်ဘုံက အခြားဘုံ ကို ကူးပြောင်း ကြရာမှာလဲ ရောက်ရှိ လာတဲ့ တခြားဘုံဟာလဲ ဘုံဟောင်းနဲ့ ဆင်တူရိုးမှား ဖြစ်တာမို့ ဘယ်ဘုံ က တို့ လာခဲ့ သလဲ ဆိုတာကိုလဲ တို့မေ့သွားကြတယ်။ ဒီကနေ ဘယ်ကို ဦးတည် နေတယ် ဆိုတာလဲ တို့မမှု။ ပစ္စုပ္ပန် တည့်တညြ့်ကီး ဖြစ်အောင် အခိုက် အတန့်အားဖြင့်သာ တို့ နေ လေ့ ရှိတာပဲ။ သတ္တဝါရယ်လို့ ဖြစ်လာရာမှာ ဘ၀ရဲ့ကိစ္စ ဆိုတာမျိုးဟာ စားဖို့ ချည်းပဲ မဟုတ်ဘူး။ ရန်ဖြစ် နေဖို့ ချည်းလဲ ပဲ မဟုတ်ဖူး။ ကိုယ့် အအုပ် အသင်း ထဲမှာ တန်ခိုး အာဏာရဖို့ ချည်းပဲ လဲ မဟုတ် ဘူး။ ဘ၀ဆိုတာ ဒီထက် အဓိပ္ပါယ် ရှိတယ်လို့ တို့ ပထမ မသိရခင် ဘယ်နှစ်ဘဝခြား ကူး ပြောင်း လာခဲ့ရသလဲ ဆိုတာ အရိပ်အမြွက်လောက် မင်းသိရဲ့လား။ ဘဝြခားပေါင်း အထောင်၊ ယောနသံ ဘဝြခားပေါင်း အသောင်းဟေ့၊ သည့်နောက် တခြား ဘဝြခား တစ်ရာလောက် ဖြစ်ပြီးမှ အပြီး တိုင် ကမ်းကုန်အောင် တတ်မြောက်ခြင်း ဆိုတာလဲ ရှိပေသကိုးလို့ တို့သိစပြုလာတယ်။ တဖန် အခြား ဘဝြခား နောက်ထပ် တစ်ရာလောက် ကြာမှ ဘ၀ရဲ့ ကိစ္စတွေဟာ ဒီအပြီးတိုင် ကမ်းကုန်အောင် တတ်မြောက်ခြင်းကို တွေ့ဆိုက်ဖို့ရယ် ထုတ်ဖော်ပြသဖို့ရယ် ဖြစ်တယ်ဆိုတာ တို့သိ လာရတယ်။ တို့တတွေ လဲပဲ ဒီနိယာမ အတိုင်း ဖြစ်ရတာ အမှန်ပေါ့။ တို့ရဲ့ ယခေါင် နောင်လာ လတ္တံ ဘ၀ဟာလဲ ယခုဘ၀မှာ သင်ယူဆည်းပူး တတ်မြောက်တာတွေပေါ်မှာ တည်တယ်။ ယခုဖြစ်ဆဲ ဘ၀မှာ ဘ၀မှ သင်ယူ ဆည်းပူး တတ်မြောက်ခဲ့ခြင်း မရှိရင် ယခေါင် နောင်ဖြစ်လတ္တံ ဘ၀ဟာလဲ ယခုဘ၀နဲ့ ဘာမှ ထူးမှာ မဟုတ်ဘူး။ တထေရာထဲပဲ ဖြစ်မှာပဲ။ ကျော်နင်းရဖို့ အကန့်အသတ်တွေ အချုပ်အချယ်တွေ အတားအဆီးတွေနဲ့ သယ်ပိုးရဖို့ ခဲအလေးဆွဲ တပြုံတခေါင်းကြီးနဲ့ ဖြစ်မြဲဖြစ်နေမှာပဲ။”


ဆရာ ဆာလီဗင်သည် သူ့အတောင်များကို ဖြန့်လျက် လေကြောင်း ဆန်ရန် လှည့်လိုက်ပြီးလျှင် ဤသို့ပြော၏။


"ဒါပေမယ်လို့ ယောနသံ၊ မင်းဟာ တစ်ဘ၀ ထဲမှာ တတ်မြောက် ခဲ့တာတွေက များလွန်းလို့ ကြား ဘဝပေါင်း တစ်ထောင် မနေခဲ့ရဘဲ ဒီဘ၀ကို ရောက်လာတာပေါ့။”


တစ်ခဏအတွင်းပင် သူတို့ နှစ်ကောင်သည် လေထဲသို့ ရောက်ပြီး လေ့ကျင့်နေကြ၏။ နှစ်ကောင် ဖြစ်သဖြင့် တစ်ကောင် ဘယ်ဆိုလျှင် တစ်ကောင်က ညာ၊ တစ်ကောင်က ညာဆိုလျှင် တစ်ကောင်က ဘယ် တပြောင်း တပြန် လုပ်ရ၏။ ကိုယ်လှိမ့်ပျံခြင်း သည် ယောနသံအဖို့ အထူး ခက်၏။ အဘယ့် ကြောင့်မူ ယောနသံသည် သူ့ဆရာနှင့် ကပြောင်း ကပြန် စဥ်း စား၍ လုပ်ကိုင်နေရ သောကြောင့် တည်း။


“ကဲ နောက်တစ်ကြိမ် ပြန်လုပ်ကြဦးစို့” ဟု ဆရာ ဆာလီဗင် ကဆို၏။ “နောက်တစ်ခါ ထပ်လုပ်ကြဦးစို့” ဟု ထပ် တလဲလဲ ခိုင်းသည်။ နောက်ဆုံးတွင် “အေး.. ကောင်းတယ်ဟေး” ဟုဆို၏။ သည့်နောက် သူ တို့ သည် ထောင်လိုက် စက်ဝိုင်းပုံ အပျံကို စ လေ့ကျင့် ကြ၏။


တစ်ညသောအခါ ညဥ့်အပျံ မလုပ်ကြသော ဇင်ယော်များသည် သဲသောင်ပြင်ပေါ်၌ တစုတဝေးတည်း ရပ်လျက် စဉ်းစားခန်း ထုတ်နေကြ၏။ ယောနသံသည် အရဲစွန့်ကာ အဖိုးအို ဆရာကြီးချန်း ဇင်ယော်ထံ ချဉ်းကပ်၏။ ဆရာကြီးချန်း ဇင်ယော်သည် ဤလောကမှ လွန်သော အရပ်သို့ ထွက်လိမ့်မည် ထွက်ရပ် ပေါက် သွား လိမ့်မည်ဟု ပြောစမှတ်ပြုကြ၏။ ယောနသံက “ဆရာကြီးချန်း ခင်ဗျား” ဟု မဆို၀ံ့ ဆို၀ံ့ဝံ့ လျှင် ရွံရွံကြောက်ကြောက်နှင့် ခေါ်လိုက်၏။


အဖိုးအို ဇင်ယော်လည်း သူ့အား ကြင်နာစွာ ကြည့်၍ “အေး.. သား ဘာလဲ” ဟု ဆို၏။ အဖိုးအိုသည် အသက် အရွယ်ကြောင့် အိုမင်းမစွမ်း ဖြစ်နေရမည့်အစား ပို၍ပင် အားအင်နှင့် ပြည့်စုံနေသေး၏။ ငှက်အုပ် ထဲတွင် ပျံခြင်း အတတ်၌ သူမတူအောင် နိုင်နင်းကျွမ်းကျင်ပြီး ဖြစ်၏။ မည်သည့် ဇင်ယော်ကို ပင်မဆို အနိုင်ယူ နိုင်၏။ အခြား ဇင်ယော်များ တဖြည်းဖြည်းသာ လေ့ကျင့် သင်ယူနေရသော အတတ် အားလုံးကို အဖိုးအိုသည် တတ်မြောက်ပြီး ဖြစ်၏။


“ဆရာကြီးခင်ဗျား။ ဒီနေရာဟာ ခေမာရိပ်မြုံတော့ လုံးလုံးမဟုတ်တန်ပါဘူး၊ ဟုတ်ပါသလား ဆရာကြီး”


အဖိုးအိုသည် လရောင်ထဲတွင် ပြုံးလျက် “ယောနသံ ဇင်ယော် မင်း သင်ကြားမှုဟာ တိုးတက်လာ ပါကောလား” ဟု ဆို၏။ “ဒါဖြင့် ဒီကနေပြီး နောက် ဘာဖြစ်မှာလဲ၊ ကျွန်တော်တို့ ဘယ်ဆီကို ချီတက် နေကြပါသလဲ၊ ခေမာရိပ်မြုံ ဆိုတဲ့ နေရာ မရှိဘူးလား”


“ဘယ်ဟုတ်မလဲ ယောနသံရယ်။ ခေမာရိပ်မြုံဆိုတာ မရှိဘူး။ ခေမာရိပ်မြုံ ဆိုတာ နေရာဌာနလဲ မဟုတ်ဘူး။ အချိန် ကာလလဲ မဟုတ်ဘူး၊ ခေမာရိပ်မြုံဆိုတာ အပြီးတိုင်အောင် တတ်စွမ်းခြင်း အဖြစ်၊ လိုလေသေး မရှိအောင် ပြည့်စုံခြင်း အဖြစ်ကို ခေါ်တာ။” အဖိုးအိုသည် ခဏကြာ ဆိတ်ဆိတ်နေပြီးလျှင် “မင်းဟာ တော်တော်မြန်မြန်ကြီး ပျံနိုင်သူ တစ်ဦးမဟုတ်လား” ဟုမေး၏။


“ကျွန် . . . ကျွန်တော် အမြန်ပျံတာကို သိပ်ကြိုက်ပြီး၊ အမြန်သာ ပျံရရင် ကျွန်တော် သိပ်ပျော်တာပဲ” ဟု ယောနသံက ပြော၏။ အဖိုးအိုက သူတော်မှန်းကို သိနှင့်ထားသည့် အတွက်လည်း ဂုဏ်ယူမိသည်။


“အပြီးတိုင် ကမ်းကုန်တဲ့ အမြန်နှုန်းကို မင်းစရောက်တာနဲ့ တပြိုင်နက် မင်းဟာ ချမ်းသာ အတိ ခေမာရိပ်မြုံ ကိုလည်း စရောက်တာပဲ၊ ယောနသံ။ အဲဒီ အမြန်နှုန်းဟာ တစ်နာရီကို မိုင်တစ်ထောင်လဲ မဟုတ်ဘူးကွ၊ မိုင်တစ်သန်းလဲ မဟုတ်ဘူးကွ၊ ဘာဖြစ်လို့လဲဆိုရင် ဂဏန်းဆိုတာ ဘယ်ဂဏန်းမဆို အကန့်အသတ် ရှိနေတဲ့ အတွက်ပဲ။ အပြီးတိုင်အောင် ပြည့်စုံတတ်စွမ်းခြင်းဆိုတာ အကန့်အသတ် နယ်နိမိတ် အစွန်အဖျား အမြိတ်အနား မရှိဘူးကွ။ အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံတဲ့ အမြန်နှုန်း ဆိုတာ၊ ငါ့သား၊ ခေမာကို ရောက်ရှိခြင်းပဲ . . .”


ဘာမပြော ညာမပြောနှင့် အဖိုးအိုသည် ရုတ်ခြည်း ပျောက်ကွယ်သွားပြီးလျှင် ပေငါးဆယ် အကွာတွင် ရှိသော ရေစပ်၌ ဘွားကနဲ သွားပေါ်လေ၏။ ဤအဖြစ်အပျက် အားလုံးသည် တမုဟုတ်အတွင်း ဖြတ်ကနဲ ဖြစ်ပျက် ခြင်းသာ ဖြစ်၏။ ထို့နောက် ရှေးနည်းတူပင် စိတ္တက္ခဏ ( တစက္ကန့် ၏ တစ်သန်း စိတ် တစ်စိတ် ) အတွင်းတွင် ပျောက်ကွယ် သွားပြီးလျှင် ယောနသံနှင့် ပခုံးချင်း ယှဉ်ကာ ရပ်လျက် သား ဖြစ်နေပြန်၏။ အဖိုးအိုချန်းက “ဒါဟာ အပျော်ကစားခြင်း တစ်မျိုးပေါ့ကွယ်” ဟု ဆို၏။


ယောနသံသည် ရင်သပ်ရှုမော အံ့သြသွား၏။ ခေမာရိပ်မြုံအကြောင်း ဆက်မေးရန်ပင် မေ့သွား၏။ “ဒီလိုဖြစ်အောင် ဘယ်နည်းနဲ့ လုပ်လိုက်တာလဲ။ ဒီလိုလုပ်တာ ကိုယ်ထဲ စိတ်ထဲ ဘယ်လို ဖြစ်သွား ပါသလဲ။ ဘယ်လောက် ဝေးဝေးအထိ ဒီလိုလုပ်နိုင်ပါသလဲ။”


အဖိုးအိုက “သွားလိုရာ ဘယ်လိုဌာနမျိုးကိုမဆို ဘယ်လို အချိန်ကာလ မျိုးကိုမဆို ပေါက်ရောက်နိုင် တာပေါ့” ဟု ဖြေကြား၏။


“ငါဟာ စိတ်ကူးပေါက်တဲ့ နေရာတိုင်း နေရာတိုင်းနဲ့ ကာလတိုင်း ကာလတိုင်းဆီကို သွားရောက် ခဲ့ပြီးပြီ။” အဖိုးအိုသည် ပင်လယ်ဘက်သို့ လှမ်းကြည့်ပြီးလျှင် ဤသို့ ဆက်ပြန်၏။


“အံ့သြစရာပဲကွာ။ ခရီးတွင်မှုကိုသာ အဓိက ထားပြီး အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံမှုကိုတော့ မထေမဲ့မြင်ပြုတဲ့ ဇင်ယော်များဟာ ခရီးလဲကြန့်ကြာတယ်။ ဘယ်ကိုမှလဲ မရောက်ဘူး။ အပြီးတိုင် ကမ်းကုန်အောင် ပြည့်စုံမှုကို ပဓာနပြုပြီး ခရီးတွင်မှုကို သာမညပြုတဲ့ ဇင်ယော် များဟာ ဘယ် ဆီကို မဆို သွားနိုင်ကြတယ်။ ခုချက်ချင်းဆို ချက်ချင်းပဲ ပေါက်ရောက်နိုင်ကြတယ်။ ယောနသံ၊ မှတ်ထား နော်၊ ခေမာရိပ်မြုံဆိုတာ နေရာဌာနလဲ မဟုတ်ဘူး၊ အချိန်ကာလလဲ မဟုတ်ဘူးဆိုတာ။ ဘာဖြစ် လို့လဲဆိုတော့ ဌာနကာလ ဆိုတာတွေဟာ အဓိပ္ပါယ် ရှိကို မရှိလို့ပဲကွ။”


ယောနသံသည် မသိသေး မတတ်သေးသည့် အရာကို သိချင်ဇော တတ်ချင်ဇော မွှန်မွှန်ဖြင့် ကိုယ်များ ပင် တုန်လာလျက် အဖိုးအိုအား “ခုနက ပျံသလို ပျံတတ်အောင် ကျွန်တော့်ကို သင်မပေးနိုင် ဘူးလား ခင်ဗျာ” ဟု မေးလိုက်ရာ၊ အဖိုးအိုက “သင်ပေးနိုင်တာပေါ့ မင်းသာ သင်ယူချင်ရင်” ဟု ဖြေ၏။


“ကျွန်တော် သင်ယူလိုပါတယ်။ ဘယ်တော့ သင်ပေးမှာလဲ”


“ခုပေါ့၊ မင်းကြိုက်ရင်”


“ခုနလို ကျွန်တော် ပျံတတ်ချင်လိုက်တာ” ဟု ယောနသံက ဆို၏။ သူ့မျက်လုံးများ အတွင်းတွင် ထူးဆန်း သော အဖိုးအိုချန်း သည် ဇင်ယော်ငယ်ကို တချိန်လုံး သေချာစွာ စူးစူးစိုက်စိုက် ကြည့်လျက် နှေးနှေး ပြောဆို၏။


“စိတ်မြန်သလောက် အပျံမြန်နိုင်ဖို့ (ဘယ်ဆီကို မဆိုပေါ့ကွာ) မင်း စလုပ်ရမယ့် အလုပ်ကိုတော့ မင်းဟာ သွားလိုရာ ခရီးကို ရောက်နှင့်နေပြီးလို့ သိလိုက်ခြင်းပဲ . . . “


အဖိုးအိုချန်း၏ အပြောအရ ယောနသံအဖို့ အဓိကအချက်ဟာ ကိုယ့်ကိုယ်ကိုကိုယ် မြင်ပုံမြင်နည်း ပြောင်းလိုက်ဖို့ပဲ။


သူဟာ တောင်ပံအဖြန့် လေးဆယ့်နှစ်ပေ ရှိသော ဤကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ ပုံစံများ ချ၍ မှတ်သားထားနိုင်သော ပျံနည်း ပျံဟန် အမျိုးမျိုးကို ပျံနိုင်စွမ်းရှိသည့် ဤကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ အကန့်အသတ် အချုပ်အချယ် ရှိနေသော ကိုယ်ခန္ဓာ အတွင်းတွင် လည်းကောင်း၊ ပိတ် လှောင် ခံနေရသူဟူ၍ သူ့ကိုယ်သူ မြင်နေခြင်းကို ရပ်စဲပစ်လိုက်ရမည်။ သူ့ရဲ့ သဘာ၀ အမှန်သည် ရေး မှတ် ခြင်း မပြုရ သေး သော ဂဏန်း ကဲ့သို့ ပြီးပြည့်စုံ ၍ ဌာန ကာလတို့ကို လွှမ်းမိုးကာ နေရာတိုင်း နေရာ တိုင်း၌ တချိန်တည်း ရောက်ရှိ နေလေသည် ဟု အသိဥာဏ် အလင်း ထင်ရှားဖြစ်ခြင်းသည်သာလျှင် အဓိက ဖြစ်၏တည်း။


အပိုင်း (၂) - ခ

#ငှက်အုပ်လောကသို့ပြန်သွားခြင်း

--------------------

ယောနသံသည် ဤအချက် ဤအထာကို သဲသဲမဲမဲ မှတ်သားဆွဲကိုင်လျက် တနေ့ပြီးတနေ့ နေမထွက် မီက ညဉ့်သန်းခေါင် ကျော်အထိ ကြိုးစား အားထုတ်လေ၏။ သို့ကြိုးစားပေမင့်လည်း သူသည် မူလ ရပ်နေ သော နေရာမှ တစ်ဆံခြည်မျှမရွေ့။


အဖိုးအိုချန်းက “ယုံကြည် အားထားမှုဆိုတာကို မေ့ပစ်လိုက်၊ မေ့ပစ်လိုက်” ဟု ထပ်ခါထပ်ခါ ပြောလေ့ ရှိ၏။ “အပျံတတ်ဖို့ဆိုတာ ယုံကြည်အားထားမှုမလိုဘူးကွ။ ပျံခြင်းအတတ်ကို နားလည်ဖို့သာလိုတယ်။ ယုံကြည် အားထားမှုနှင့် ပျံခြင်းအတတ် နားလည်မှုဆိုတာ အတူတူပဲ။ ကဲနောက်တစ်ကြိမ် ထပ် ကြိုးစား ဦး။”


ထို့နောက် တစ်နေ့သောအခါ ယောနသံသည် ကမ်းပေါ်၌ ရပ်လျက် မျက်စိများကို မှိတ်ကာ စိတ် စူးစိုက်မှု အလုပ်ကို လုပ်နေ၏။ ထိုစဉ်တွင် အဖိုးအိုက သူ့အား ယခင် တလျှောက်လုံး ပြောဆို ဆုံးမ ခဲ့သမျှ အလုံးစုံကို ယောနသံသည် ဥာဏ်ရောင်လက်လက် လျှက်တပြက်ဖြင့် တမုဟုတ်ချင်း ထိုးထွင်း ၍ သိလိုက်၏။ “ဟ . . . မှန်လိုက်လေခြင်း၊ ငါဟာ အပြီးတိုင် ကမ်းကုန် အောင် ပြီးပြည့်စုံတဲ့ ဇင်ယော် တစ်ကောင် ဖြစ်နေပါပကော၊ အကန့်အသတ် အချုပ်အချယ် မရှိတဲ့ ဇင်ယော်ပဲ” ဟု သူသည် ဝမ်းသာ လုံးဆို့ သွား၏။


အဖိုးအိုကြီးချန်းက အောင်မြင်သော အသံမျိုးဖြင့် “အေး . . . ကောင်းတယ်ဟေ့” ဟု ဆို၏။


ယောနသံသည် မျက်စိများကို ဖွင့်လိုက်၏။ ယခင် သူနေဖူးသော ကမ်းခြေမျိုးနှင့် လုံးဝ ကွဲပြား ခြားနား သော ကမ်းခြေတစ်ခုပေါ်၌ အဖိုးအို ကြီး ချန်းနှင့် အတူ နှစ်ယောက်တည်း ရပ်လျက်သား ဖြစ်နေ၏။ ရေစပ် အထိ သစ်ပင်များ ရှိ၏။ အထက်ကောင်းကင်တွင် နေဝါ အမွှာ ပူးနှစ်စင်းလည်း လှည့်လျက် ရှိ၏။


အဖိုးအိုကြီးချန်းက “နောက်ဆုံးတော့ မင်းဟာ ထိုးထွင်းဟုတ်မှန် အသိဥာဏ်ကို ပေါက်ရောက် သွားပြီပဲ။ ဒါပေမယ့် အထိန်းအသိမ်းအလုပ်မှာ မင်းနဲနဲလိုသေးတယ်” ဟု ဆို၏။


ယောနသံသည် ကြက်သေသေလျက် “ကျွန်တော်တို့ ခု ဘယ်ကို ရောက်နေကြသလဲ” ဟု မေး၏။


ထူးဆန်းသော ပတ်၀န်းကျင်ကို လုံးဝဂဂရုမပြုဘဲ အဖိုးအိုကြီးသည် ထိုမေးခွန်းကို ဤစကားတို့ဖြင့် ဖယ်ရှား ပစ်လိုက်၏။ “ဂြိုလ်တစ်ခုပေါ် ငါတို့ ရောက်နေတာ အထင်အရှားပေါ့၊ ကောင်းကင်စိမ်းစိမ်းနဲ့၊ နေလဲနှစ်စင်းပေါ့။”


ယောနသံသည် အပျော်ကြီးပျော်လွန်း၍ “ဖြစ်တယ်ဟေ့” ဟု အော်လိုက်မိ၏။ ဤအသံသည် သူမြေကြီးဘုံမှ ထွက်ခွာလာခဲ့သည့် နေ့မှစ၍ သူ၏နှုတ်မှ ပထမဦးဆုံး ထွက်မြည်တွန်မြူးသော ဥဒါန်းကျူးခြင်း အသံပေတည်း။


“ဖြစ်တာပေါ့၊ ယောနသံရယ်” ဟု အဖိုးအိုက ဆို၏။ “မင်းဘာလုပ်နေတယ်ဆိုတာကို မင်းသာသိနေရင် ဘာမဆို အမြဲတန်း ဖြစ်တာပေါ့။ ကဲ . . . အခု အထိန်းအသိမ်း အကြောင်း . . .”


သူတို့ပြန်ကြသောအခါ မှောင်နေလေပြီ။ အခြားသော ဇင်ယော်များသည် ယောနသံကို ရွှေရောင် အဆင်းရှိသော မျက်စိများဖြင့် ကြောက် ကြောက် ရွံ့ ရွံ့ ကြည့် ကြ၏။ အဘယ်ကြောင့် ဆိုသော် အမြစ် စိုက်တွယ် ဘိသကဲ့သို့ မလှုပ်မယှက် ကြာမြင့်စွာ ရပ်နေရာမှ ဖြုန်းကနဲ ယောနသံ ပျောက်ကွယ် သွားသည် ကို ဆတ်ဆတ်ကြီး သူတို့ မြင်လိုက်ရ သောကြောင့် တည်း။ ယောနသံသည် ဇင်ယော် အများ၏ ချီးမွမ်းစကားကို ခဏမျှသာ သည်းခံလျက် နားထောင်ပြီးလျှင် “ကျွန်တော်ဟာ ဒီမှာ ဇင်ယော်သစ်ပါ၊ စကာ စရုံသာ ရှိပါသေးတယ်။ ခင်ဗျားတို့ ဆီကသာ ကျွန်တော်က သင်ယူ ဆည်းပူး ရမှာပါ” ဟု ဆို၏။ အနီးတွင် ရပ်နေသော ဆရာဆာဗီလင်က ဤသို့ဆို၏။ “ဒါတော့ မဟုတ်ဘူး ထင်တယ် ယောနသံ။ အနှစ် တစ်သောင်း အတွင်း ငါကိုယ်တိုင်တွေ့ ဖူးခဲ့တဲ့ ဇင်ယော်ငှက် တွေ အားလုံး ထဲမှာ မင်းတစ်ယောက် ဟာဖြင့် သင်ယူ ဆည်းပူးတဲ့ နေရာမှာ အကြောက်အရွံ့ အတွန့် အဆုတ် အနည်းဆုံးပဲ။” ငှက်အုပ်သည် ငြိမ်သွား၏။ ယောနသံလည်း ရှက်ကိုးရှက်ကန်းဖြင့် ဂဏာမငြိမ် ဖြစ်နေ၏။


အဖိုးအိုချန်းသည် ဤသို့အမိန့်ရှိ၏။ “မင်းအလိုရှိရင်၊ အချိန်ကာလကို ကျော်နင်းတဲ့ အလုပ်နဲ့ တို့ စကြ တာပေါ့။ ဖြစ်ပြီးအတိတ် ကာလဆီသို့ရော ဖြစ်လတံ့ အနာဂါတ်ကာလဆီကိုပါ ပျံနိုင်တဲ့ အထိပေါ့။ အဲဒီအခါ ကျတော့ မင်းဟာ အခက်ဆုံးအလုပ်၊ တန်ခိုး အရှိဆုံး အလုပ်၊ ပျော်စရာ အကောင်းဆုံး အလုပ်ကို စလုပ်ဖို့ အသင့်ဖြစ်နေပေလိမ့်မယ်။ အဲဒီအလုပ်ကတော့ တခြားမဟုတ်ဘူး၊ အထက်ကို ပျံတက်ပြီး သနားခြင်း တရားတော်မြတ်နဲ့ ချစ်ခြင်းတရားတော်မြတ်တို့ရဲ့ အဓိပ္ပါယ် အတ္ထ ကို သိရှိ အောင် လေ့လာ ဖို့ပဲ။”


တစ်လ သို့မဟုတ် တစ်လနှင့် အလားတူဟု ထင်ရသော အခြင်းအရာသည် ကုန်လွန်လေပြီ။ ယောနသံ သည် ပညာဆည်းပူး တတ်ကျွမ်းသည့် နှုန်းမှာ ကြောက်ခမန်းလိလိ ဖြစ်ဘိ၏။ သူသည် အတွေ့အကြုံ ရိုးရိုးများ တွင် အမြဲတန်း အတတ်မြန် လှ၏။ ယခုမူ သူသည် အဖိုးအိုချန်း၏ အထူး တပည့်ကျော် ဖြစ်သည်မို့ အမွှေးအတောင် တဖွားဖွားနှင့် ခေတ်မှီ ကွန်ပြူတာ စက်ငှက်ကြီးပမာ ပညာသစ် ဥာဏ်သစ်များကို သိမ်းကျုံးလက်ခံနေပေသတည်း။


မပြန်လမ်းအတိုင်း ထွက်ရပ်ပေါက်၍ အဖိုးအိုချန်း ကွယ်ပျောက်သွားတော့မည့် နေ့ရက်ကား ဆိုက်ရောက် လေပြီ။ အဖိုးအိုသည် ရှေးရှေးကတည်းကစ၍ ယခုတိုင်အောင် ဇင်ယော်များအား အေးဆေးသာယာစွာ စကားပြောဆိုလျက် ဘဝ ဟူသရွေ့၏ မမြင်အပ်သော သဘောတရားကို ပို၍ ထိုးထွင်း သိရှိလာအောင် မရပ်တမ်း ဆည်းပူးနေကြရန်၊ မလျှော့တမ်း လေ့ကျင့်နေကြရန်၊ မဆုတ်တမ်း အားထုတ်နေကြရန်၊ လှုံဆော် တိုက်တွန်းခဲ့၏။ ထိုနေ့ ထိုအခါ ထိုသို့ ဇင်ယော်များအား ချေချွတ်ဆုံးမ နေစဉ်ပင် အဖိုးချန်း၏ အမွှေးအမျှင်တို့သည် ဝင်းတောက်လာ၏။ အခြား ဇင်ယော် များက သူ့အား မကြည့်နိုင်သည် အထိမျှပင် ထိန်ထိန်ကြီး ဝင်းလက်လာ၏။


အဖိုးအို၏ အန္တိမ နောက်ဆုံး စကား များမှာ “ယောနသံ၊ ချစ်ခြင်း တရားတော်မြတ် လုပ်ငန်း ကိုမင်း ဆက်ပြီး ကျင့်ကြံ အားထုတ်နေပေတော့” ဟူသတည်း။


ဇင်ယော်တို့သည် မျက်စိများကို တဖန်ဖွင့်နိုင်၍ ဖွင့်ကြည့်လိုက်သောအခါ အဖိုးအိုချန်း မရှိတော့ပြီ။


နေ့ရက်များ ကုန်လွန်လေသော် ယောနသံသည် သူထွက်ခွာလာသော မြေကြီးဘုံအကြောင်း မကြာ ခဏ တွေးနေ မိသည်ကို သတိထားမိ၏။ ဟိုမှာတုန်းက အခုသိတာရဲ့ ဆယ်ပုံတစ်ပုံ သို့မဟုတ် အပုံ တစ်ရာပုံ တစ်ပုံမျှလောက်ကို တကယ်လို့များ သိခဲ့ရလျှင် ဘဝ ဆိုတာ ဘယ် လောက် များ အဓိပ္ပါယ် ရှိလိမ့် မလဲ။ ယောနသံသည် သဲသောင်ပြင်ပေါ် ရပ်လျက် ဟိုမြေကြီးဘုံမှာ အကန့်အသတ် အချုပ် အချယ် ထဲက လွတ်မြောက်အောင် ကြိုးစားနေတဲ့ ဇင်ယော်တစ်ကောင် တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည် ဟုလည်းကောင်း၊ ပျံသန်းမှု၏ အဓိပ္ပါယ် အတ္ထသည် လှေတစ်စင်းက ပေါင်မုန့်တစ်ဖဲ့ တစ်စ ရစေရန်အတွက် ခရီးထွက်ရန် ကိစ္စသာပဲ ဟူသော အမြင်အယူဖြင့် မကျေမနပ်နိုင်သည့် ဇင်ယော် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်း ရှိနေလိမ့်မည်ဟု လည်းကောင်း၊ ငှက်အုပ်ဗိုလ်ပုံ အလည်တွင် မိမိတွေ့ ရှိလာသော အမှန်တရား အကြောင်းကို ဖွင့်ပြောမိသဖြင့် အကြဉ်အဖဲ ခံရသော ဇင်ယော်မျိုးပင် တစ်ကောင်တစ်လေတော့ဖြင့် ရှိကောင်းရှိနေလိမ့်မည်ဟု လည်းကောင်း၊ ကြံစည် တွေးတောနေ၏။ ယောနသံသည် ချစ်ခြင်းတရားတော်မြတ် သင်ခန်းစာများကို လေ့ကျင့်လေ၊ ချစ်ခြင်း တရား တော်မြတ် ၏ သဘောကို သိရှိလာအောင် ပို၍လုပ်လေလေ၊ မြေကြီးဘုံသို့ ပြန်သွားလိုစိတ် ပို၍ ပေါ်လေလေ ဖြစ်နေ၏။ အဘယ့် ကြောင့် ဆိုသော် ယောနသံသည် တစ်ကောင်ကြွက် ဘဝနှင့် နေခဲ့ သော်ငြား လည်း နည်းပြဆရာတစ်ဦးဖြစ်ဖို့ ကံဇာတာ ပါလာသူ ဖြစ်နေသော ကြောင့်တည်း။ ထို့ပြင် ယောနသံသည် ချစ်ခြင်းတရားတော်မြတ် ပွားများရေးနှင့် စပ်လျဉ်း၍ ဤသို့သာ ခံယူ လိုခြင်း ဆန္ဒ ရှိနေသော ကြောင့်တည်း။ သစ္စာ အမှန်တရားကို ကိုယ်တိုင်ထိတွေ့ ခံစားဖို့ နည်း ကောင်း လမ်း ကောင်း ကလေးကိုမျှ တောင်းဆိုလာသော အခြား ဇင်ယော် တစ်ကောင် တစ်လေ အား သူ တွေ့ ဖူး သော အမှန်တရားကို ဝေမျှ ပေးအပ်ခြင်းသည် ချစ်ခြင်းတရားတော်မြတ်ကို လက်တွေ့ ကျင့်သုံး ဆောက်တည်ခြင်း မည်ပေ၏ ဟူလို။


စိတ်အကြံအစည်နှင့် အမြန်နှုန်းချင်းတူအောင် ပျံသန်းခြင်း အတတ်၌ အလေ့အကျက် ၀သီဘော် မြောက်ပြီးဖြစ်၍ ထိုနည်းကို အခြား ဇင်ယော်များအား သင်ကြားပို့ချ နေရ သော ဆရာ ဆာလီဗင် အဖို့မူ ယောနသံ နှင့် အတွေး အယူ ချင်း မတိုက်ဆိုင်။ ဆရာ ဆာလီဗင် သည် သံသယဖြင့် ဤသို့ ပြော၏။ “ယောနသံရယ် မင်းဟာ တစ်ကြိမ်က အကြဉ်ခံ ဖြစ်ဖူးတယ်။ မင်း ဘဝဟောင်း က ဇင်ယော် တွေက မင်းရဲ့စကားများကို လက်ခံ နားဆင်ကြလိမ့်မည် လို့ မင်းဘာကြောင့် ထင်မိသလဲ။ ဟိုစကားပုံ ကို မင်းကြားဖူးမှာပေါ့။ အမြင့်ဆုံး ပျံတဲ့ ဇင်ယော်ဟာ အဝေးဆုံး မြင်တယ်တဲ့။ ဒီစကားပုံဟာ သွေး ထွက် အောင် မှန်တယ်။ မင်းလာခဲ့တဲ့ဘုံက ဇင်ယော်တွေဟာ မြေကြီးပေါ်မှာ တဂီးဂီး တဂပ်ဂပ်နဲ့ တဟောင်ဟောင် တလောင်လောင် အချင်းချင်း ရန်ဖြစ်နေကြတာ။ ဒီချမ်းမြေ့ရိပ်မြုံက မိုင်တစ်ထောင် လောက် အဝေးမှာ သူတို့ ရှိကြတာ။ ဒါနဲ့တောင် သူတို့ ရှိနေတဲ့ နေရာကနေပြီး ဒီဘုံကို လှမ်းမြင် ရအောင် မင်းက လုပ်ပေးချင်တယ်လို့ မင်းကဆိုနိုင်သေးပလေကွယ်။ ယောနသံရယ် သူတို့ဟာ သူတို့ရဲ့ အတောင်ဖျား တွေကိုတောင် မမြင်နိုင် ဖြစ်နေတာပဲ။ ဒီမှာ နေစမ်းပါ။ မင်းပြောစရာ ရှိတာတွေ ကို နားလည်လာအောင် ဘ၀ အဆင့်မြင့်နေတဲ့ ဒီက ဇင်ယော်များကို သာ ကူညီနေ စမ်းပါ” ဆရာ ဆာလီဗင် သည် ဤနေရာတွင် ခဏမျှ ရပ်ဆိုင်း ပြီး နောက် ဤသို့လည်း ဆက်ပြောသေး၏။ “စဉ်းစားကြည့်စမ်းပါ၊ အဖိုးအိုချန်းသာ သူ့ ဘုံ ဘဝဂဟောင်း များဆီကို ပြန်သွားခဲ့ရင် ဘာဖြစ်မလဲ၊ ဒီလိုဆို မင်းကော ဘယ်လိုနေရာမျိုးကို ရောက်နေမလဲ ဆိုတာလေ”


ဤနောက်ဆုံးမေးခွန်းသည် အထိဆုံး အမိဆုံး ဖြစ်၏။ ဆရာ ဆာလီဗင်ပြောတာ မှန်ပေတယ်။ "အမြင့်ဆုံးပျံတဲ့ ဇင်ယော်ဟာ အဝေးဆုံး မြင်သတဲ့။" ထို့ကြောင့် အလွန်ဥာဏ်ကောင်း၍ သင်ကြားရ လွယ်သော ဇင်ယော်ဧည့်သည်များ နှင့် သာ အတူ ယောနသံ ဆက်နေ၏။


သို့သော်လည်း သူ့ဆန္ဒ အလိုဟောင်းသည် ပြန်၍ ပေါ်လာ၏။ သင်ကြားပေး၍ ရမည့် ဇင်ယော် တစ် ကောင် နှစ်ကောင် လောက်တော့ဖြင့် မြေကြီးဘုံမှာ ရှိကောင်းရှိမှာပဲ။ သူကိုယ်တိုင် မြေကြီးဘုံမှာ အကြဉ်ခံ ဖြစ်နေရတုန်းက အဖိုးအိုချန်းသာ ရောက်လာခဲ့မယ်ဆိုရင် သူအခု ဘယ်ကလောက်ထိ ပိုပြီး အသိပညာတွေ ရှိနေလိမ့်မလဲ။


ယောနသံသည် နောက်ဆုံးတွင် မနေနိုင်တော့ပဲ ဆာလီဗင်အား ဤသို့ပြောလေတော့၏။ “ဆာလီ၊ ကျွန်တော် မြေကြီးဘုံကို ပြန်သွားမှ ဖြစ်တော့မယ်။ ဆရာ့ရဲ့ တပည့်တွေဟာ ဟန်ကျနေပြီပဲ။ ဇင်ယော်သစ်တွေ ထပ်ရောက်လာရင် သူတို့ဟာ ဆရာ့ကို ကူညီနိုင်ပါလိမ့်မယ်။”


ဆရာ ဆာလီဗင်သည် သက်ပြင်းချသော်လည်း အငြင်းစကား မပွားတော့။ “ငါ့မှာ မင်းကို လွမ်းလို့ တသသ ဖြစ်နေတော့မှာပဲ၊ ယောနသံ ရယ်” ဟုသာ ဆို၏။


ယောနသံသည် သူ့ဆရာအား အပြစ်တင်စကား ဤသို့ဆို၏။ “ရှက်စရာကြီး၊ ဆရာဆာလီရယ်။ မတွေဝေ စမ်းပါနဲ့။ ဒီလိုဆို ကျွန်တော်တို့ နေ့စဉ်လေ့ကျင့်နေတာဟာ ဘာလဲ။ ကျွန်တော်နဲ့ ဆရာ မိတ်ရင်း ဆွေရင်း တွေ ဖြစ်နေတာဟာ အကယ်၍များ ဌာနနဲ့ ကာလ မျိုးပေါ်မှာသာ တည်နေတယ် ဆိုရင် ဌာနနဲ့ ကာလ နှစ်ခုစလုံးက ကျွတ်အောင် လွတ်အောင် ကျွန်တော်တို့ အောင်မြင်လာတဲ့ အခါ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ရဲ့ အသင်းအပင်း မိတ်ဆွေ အဖြစ်ကို ဖျက်ဆီးပစ်ရာ ရောက်မသွား ပေဘူးလား။ ဌာနဆိုတာကို အနိုင်ယူလိုက်ရင် “ဒီနေရာ” ဆိုတာပဲ ကျန်ရှိ တော့တယ်၊ ကာလ ဆိုတာကို အနိုင်ယူလိုက်ရင် “ခု ဒီအချိန်” ဆိုတာပဲ ကျန်ရှိတော့တယ်။ ဒီတော့ “ဒီနေရာ” နဲ့ “ခု ဒီအချိန်” စပ်ကြား အလယ်မှာ ဆရာနဲ့ ကျွန်တော် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လောက်တော့ တွေ့ဆုံ ကောင်း တွေ့ဆုံနိုင်လိမ့်မယ်လို့ ဆရာ မထင်ပေဘူးလား” ဆာလီဗင်သည် မရယ်ဘဲ မနေနိုင်တော့။ သူက ကြင်နာစွာ ပြောဆိုသည်မှာ “ဟေ့၊ ငှက်ရူး။ မြေကြီးဘုံ တစ်ရိုးမှာ ရှိတဲ့ ဇင်ယော် တစ်ကောင်ကောင် ကို အထက် မိုင်တစ်ထောင်က လှမ်းမြင်နိုင်အောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ထူးများ ပေါ်လာ ရင်လေ အဲဒီ ပုဂ္ဂိုလ် ကြီးဟာ ယောနသံပဲလို့ ငါတော့ အောက်မေ့လိုက်မှာပဲ။” ဆာလီဗင်သည် သဲပြင်ကို ငုံကြည့်လျက် “သွားပေရော့ မိတ်ဆွေကြီး ယောနသံ” ဟု နှုတ်ဆက်လိုက်၏။


“သွားပြီ၊ ဆရာဆာလီဗင်။ ကျွန်တော်တို့ ပြန်တွေ့ ကြဦးမှာပဲ။” ထိုနှုတ်ဆက်သံများ နှင့်အတူ ယောနသံ သည် အခြား သော ကာလတစ်ခု၏ ကမ်းခြေပေါ်၌ ရှိနေသော ဇင်ယော်အုပ် ကြီးများ ဟူ သည့် နိမိတ်ပုံကို စိတ်ထဲတွင် လှမ်းမြင် မိလိုက်၏။ ငါဟာ အရိုးနဲ့ အမွှေးဆိုတဲ့ ရုပ်ဓာတ် သာ မဟုတ် ဘူး၊ ဘာကမျှ ကန့်သတ် ချုပ်ချယ်မထားတဲ့ ကျွတ်တမ်း၀င်တရားနဲ့ လွတ်မြောက်စွာ ပျံသန်းမှု တရား တွေကို ထိုးထွင်းသိမြင်တဲ့ ဥာဏ်ပညာဆိုတဲ့ နာမ်ဓာတ်တစ်ခုပဲဟု ဝသီဘော်မြောက်ပြီးသော စိတ်ဖြင့် သူ့ကိုယ်သူလည်း ပြန်၍ ဆင်ခြင်မိ၏။

.

.

ယောနသံဇင်ယော်

ရေးသူ- Richard Bach

မြန်မာပြန်- ဦးဘသန်း( ဓမ္မိက)


http://www.mediafire.com/?hth7syc65sljn90

.

https://www.sugarsync.com/

Comments

Popular posts from this blog