ကျွန်မတို့ခြံစည်းရိုးမှာမေမေလာစိုက်ပေးခဲ့တဲ့ငွေပန်းပင်တွေကခုရက်ပိုင်းနေ့တိုင်းပွင့်ပါတယ်။

နေ့တိုင်းခူး၊ဘုရားကပ်ရပါတယ်။

ဒီနေ့တော့ပန်းခူရင်းနဲ့ငယ်ငယ်ကဒန်းပန်းခူးတဲ့ဆီပြန်ရောက်သွားမိပါတယ်။

ငယ်ငယ်ကကျောင်းကပြန်လာရင်ခြံထဲကဒန်းပန်းတွေခူးပြီး၊ဘုန်းတော်ကြီးကျောင်းမှာသွားလှူပါတယ်။

ဒါနတစ်ဝက်၊လာဘ်လာဘရလိုမှုကတစ်ဝက်ပါ။

ဒန်းပန်းလှူတိုင်းဘုန်းကြီးကပင်မှည့်သီးတွေပေးလို့ပါ။

ဘုန်းကြီးကျောင်းဝန်းထဲမှာပဲရှိတဲ့ဒီပင်မှည့်သီးတွေမှည့်ချိန်နဲ့ဒန်းပန်းပွင့်ချိန်ဟာကွက်တိပါ။

ခြံထဲကဒန်းပန်းပွင့်တွေကုန်ရင်ကျောင်းအပြန်ပန်းပွင့်နေတဲ့အိမ်တွေကဒန်းပန်းတွေတောင်းခူးပါတယ်။

မိဘမျက်နှာနဲ့မို့ခူးခွင့်ရပါတယ်။

ကျွန်မကဒီနေရာမှာ တစ်ကိုယ်ကောင်းသမားတော့ဟုတ်ပုံမရပါဘူး။ခင်တဲ့သူငယ်ချင်းနှစ်ယောက်လောက်ကိုပါခေါ်ပြီးကျွန်မကပင်မှည့်သီးဝေစုရစေပါတယ်။

သူတို့နှစ်ယောက်က ပင်မှည့်သီးမကြိုက်တာကတော့ကျွန်မကုသိုလ်ပေါ့။

ဘုန်းတော်ကြီးကကျွန်မအကြံအစည်ကိုကောင်းစွာသိပုံရပါတယ်။

သူကျောင်းမှာမရှိတဲ့ရက်များဆိုလည်း ကျွန်မတို့လာရင်ပေဖို့ပင်မှည့်သီးတွေချန်ထားမှာထားခဲ့ပါတယ်။

အခုတော့ကျွန်မနေ့တိုင်းငွေပန်းပွင့်တွေဘုရားကပ်ပြီးလောဘတစ်ဝက်၊ဒါနတစ်ဝက်နဲ့ကလေးငယ်တစ်ယောက်ကိုဂရုဏာစိတ်အပြည့်နဲ့အရေးတယူအလှူခံယူတော်မူခဲ့တဲ့ဘုန်းတော်ကြီးသက်တော်ရာကျော်ရှည်ပါစေကြောင်းဆုတောင်းမေတ္တာပို့သနေမိပါတယ်။

                                                      #DKMMK

Comments

Popular posts from this blog